DVB Logo
Home
Lead Story
“လက်နက်ကြီးကျတဲ့ ကျည်ဆန် နှလုံးမှာ တည့်တည့်မှန်တော့”- ကချင်စစ်ဘေးရှောင်တဦးနှင့်  မေးမြန်းချက်
DVB
·
May 10, 2018
“လက်နက်ကြီးကျတဲ့ ကျည်ဆန် နှလုံးမှာ တည့်တည့်မှန်တော့”- ကချင်စစ်ဘေးရှောင်တဦးနှင့်  မေးမြန်းချက်
Donate to DVB

မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားလို့ တောတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အောင်လောဒ့်ကျေးရွာသား ၁၁၈ ဦး မေလ ၈ ရက်နေ့က  အစိုးရရဲ့ အကူအညီနဲ့ မြစ်ကြီးနားမြို့ ၁၀ မိုင် နှစ်ခြင်းဘုရားကျောင်းမှာ ခိုလှုံဖို့ ရောက်ရှိလာပါတယ်။

ရွာသား ၂၀၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက တလနီးပါးကြာ တောတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီး ခက်ခက်ခဲခဲနဲ့ မြစ်ကြီးနားမြို့ကို ထွက်ပြေး ရောက်ရှိလာခဲ့တာပါ။

ရွာသားတွေနဲ့အတူ မြစ်ကြီးနားကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အောင်လော့ဒ်ကျေးရွာသား နှစ်ခြင်းအသင်းတော်က ဆရာမဆိုင်းဂျာကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ဆရာမတို့ အောင်လော့ဒ်ကျေးရွာကနေ မြစ်ကြီးနားကို အခက်အခဲကြားက ဘယ်လို လာခဲ့ရသလဲ၊ လမ်းမှာ ဘယ်လောက်ကြာခဲ့သလဲ ဆိုတာ ပြောပြပေးပါလား။

ဖြေ- “ကျမတို့ ဧပြီလ ၁၁ ရက်နေ့ကတည်းက ရွာမှာ လက်နက်ကြီးကျတဲ့နေ့ကတည်းက ညနေ ၅ နာရီမှာ ရွာသူရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီမှာ တရက် နှစ်ရက် နေပြီးမှ ရိက္ခာတွေပြတ်တော့ လက်နက်ကြီးသံ တိတ်သွားရင် ရွာထဲ ပြန်ဝင်ရဲတဲ့သူတွေက ဆန်တွေ၊ အဝတ်အစားတွေ အိုးခွက်ပန်းကန်တွေ ပြန်ယူပြီးမှ အဲဒါနဲ့ပဲ မျှပြီး စားသုံးနေကြတာပေါ့နော်။”

“အဲဒီမှာ တရက် နှစ်ရက်နေပြီးမှ ရေအခက်အခဲကြောင့်မို့လို့ ကျမတို့ ရေရှိတဲ့ ချောင်းဘက်မှာ ရွှေ့လိုက်တယ်။ အဲဒီမှာ နှစ်ရက်ပြန်နေတယ်။ ပြီးတော့ ကျမတို့ တောင်တခု အပေါ်မှာတခုမှာ တက်နေတယ်။ လက်နက်ကြီးသံ မကြားရတဲ့အထိ အဲဒီမှာ နေတယ်။ အဲဒီကနေ ချောင်းကြီးရှိတဲ့နေရာဘက်ကို ကျမတို့ ပြန်ရွှေ့တယ်။ အဲဒီနေရာမှာလည်း နှစ်ညအိပ် သုံးရက်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လေဖြတ်တဲ့လူတွေ၊ လမ်းမလျှောက်နိုင်တဲ့သူတွေ အဲဒီမှာပဲ နေနေရတယ်။ ညမှာဆိုလို့ရှိရင် ကျမတို့သွားတဲ့လမ်းမှာ သူတို့က မမီဘူးဆိုရင် သူတို့ကို တောထဲမှာ တယောက်၊ နှစ်ယောက် အဲဒီလို ထားခဲ့ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။”

မေး- ထွက်ပြေးတုန်းက ရွာသားတွေအားလုံးပေါင်း ဘယ်နှယောက်လောက် ရှိခဲ့လဲ။

ဖြေ-  “ထွက်ပြေးတာ အားလုံး ၂၀၀၀ ကျော်တယ်။ မြစ်ကြီးနားကို ကျမနဲ့အတူ ပါခဲ့တာ က ၁၁၈ ဦးပါ။ ကျမတို့က တောတောင်တွေကို ကျော်ပြီးတော့မှ ရေချောင်းတွေကို ကျော်ပြီးတော့မှ တလပြည့်ဖို့ ၃ ရက်အလို ဒီကို မနေ့က ရောက်တယ်။”

မေး- စစ်ဘေးရှောင်တွေအနေနဲ့ တောထဲမှာ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရသလဲ။

ဖြေ- “တောထဲမှာ မိုးရွာလို့ ကျမတို့က ပလတ်စတစ်အဖြူတွေနဲ့ ကျမတို့ နေနေရတော့ မိုးရွာ လေတိုက်ရင် အားလုံးစိုရွှဲပြီးမှ ဒီလိုပဲ နေနေရတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အဲဒီလိုပဲ ဒုက္ခရောက်ကြတယ်။ နောက်တော့ တောထဲမှာ ကလေးမွေးတဲ့လူတွေက ဆေးဝါး မပြည့်မစုံ၊ ဆရာမလည်း မရှိတဲ့အခါကျတော့ ကလေးမွေးတဲ့ မိခင်တွေက အဲဒီလို ဒုက္ခရောက်နေကြရတယ်။ တောထဲမှာ ကိုယ်ဝန်ဆောင် ၂ ယောက် မွေးပါတယ်ရှင်။  သူတို့က လက်သည်တွေနဲ့ပဲ မွေးကြတာပေါ့နော်။”

မေး- ဧပြီလ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲကြောင့်ထွက်ပြေး တိမ်းရှောင်နေရ တယ်ဆိုတော့ ဒီတိုက်ပွဲကြားမှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ တွေရှိလား။

“ရွာသားတွေထိခိုက်ဒဏ်ရာရတာက သားအဖ နှစ်ယောက်၊ ပြီးတော့ နောက်တယောက် အားလုံး သုံးယောက်ပေါ့နော်။ တယောက်က ဒူးခေါင်းနဲ့ ခေါင်းတွေမှာ ဒဏ်ရာရတယ်။  သားဖြစ်သူက လက်နက်ကြီးကျတဲ့ ကျည်ဆန်မှန်လို့ နှလုံးမှာ တည့်တည့်မှန်တော့ အဲမှာပဲ ဆုံးသွားတယ်။ နောက်တယောက် မေးအောက်မှာနဲ့ ပခုံးမှာ ဒဏ်ရာရပါတယ်။ ”

မေး- အဲဒီဒဏ်ရာရတဲ့သူတွေကရော  အခုသက်သာသွားပြီလား။

ဖြေ။ “ဟုတ်ကဲ့အခု ကျမတို့ တောထဲမှာနေရင်းနဲ့ ဆေးမြစ်တွေတူးပြီး ပြုတ်သောက်၊ လိမ်းနဲ့ အဲလိုလုပ်လို့ နည်းနည်းသက်သာလာပါပြီ။ ”

မေး-တောထဲမှာ တလနီးပါး တိမ်းရှောင်ခဲ့ရပြီး အခု ဒီဆရာမတို့မြစ်ကြီးနားကို ၁၀၀ ကျော် ရောက်လာတယ်ပေါ့နော်။ အဲတော့ ကျန်တဲ့သူတွေကကော ဘယ်လိုတွေ ရှိနေလဲ။

ဖြေ။ “ကျန်တဲ့လူတွေကတော့ မနေ့က ကျမတို့လာတဲ့လမ်းကို အခု စစ်ကြောင်းတွေ ထိုးထားတယ်လို့ကြားတယ်။ ကျန်တဲ့လူတွေက ကျမတို့ လာတဲ့ဘက်ကိုပဲ ထွက်မယ်ဆိုပြီးမှ သူတို့လာခဲ့တာ။ ဒါပေမယ့် အခု စစ်ကြောင်းတွေ အဲဒီဘက်မှာအရမ်းထိုးထားလို့ သူတို့လည်း အခက်အခဲတွေဖြစ်နေမှာပဲလို့ ကျမ စဉ်းစားမိပါတယ်။”

မေး- တိုက်ပွဲဖြစ်တုန်းက လေကြောင်းကနေ ပစ်တယ်လို့ ကြားသိရပါတယ်။ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အဲဒီအခြေအနေကို ပြောပြပေးပါလား။

“ကျမတို့ ထင်တာက တနိုင်းက လက်နက်ကြီးနဲ့ ပစ်တာလို့ပဲ ထင်တာ။ ပထမအခေါက်က ချောင်းနားမှာ တခုကျတယ်။ ရွာထိပ်ကနေ ကျတယ်။ အဲဒီကနေ ဆက်တိုက် ကျမတို့က ကတုတ်ကျင်းထဲမှာနေရင်း လက်နက်ကြီးသံ ဆက်တိုက် အရမ်းကြားရတော့ အဲဒီမှာနေပြီးမှကြတာ။ ကျမတို့ ခေါင်းပေါ်ကနေ၊ အိမ်ပေါ်ကနေ ပစ်ပစ်နေတော့  ဟိုဘက် ကေအိုင်အေ တပ်ရှိတဲ့ဘက်ကို သူတို့က အဲမြဲတမ်း ပစ်တယ်။ ကေအိုင်အေတပ်နဲ့ ကျမတို့က သိပ်အလှမ်းမဝေးဘူး။ ရွာသူရွာသားတွေကလည်း ကြောက်တယ်။ ရွာသား ၃ ယောက်ကလည်း ဒဏ်ရာရတယ်။သေဆုံးတယ်ဆိုတော့ အဲဒီညနေ ၅ နာရီကတည်းက ထွက်ပြေးခဲ့ရပါတယ်။”

မေး-ထွက်ပြေးသူတွေထဲမှာ ကလေးငယ်တွေပါတယ် ဆိုတော့ ကလေးငယ်တွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။

“ ကလေးငယ်တွေကလည်း တခါမှ မကြားဖူးတဲ့ လက်နက်ကြီးသံတွေကြားတော့ ကြောက်လန့်ပြီးတော့ တောထဲမှာရောက်တဲ့အခါမှာ ဖျားတဲ့ဟာတွေအများကြီးရှိပါတယ်။ လူကြီးတွေကလည်း စိတ်က ဒဏ်ရာရတော့ တောထဲမှာ အများကြီးဖျားနာတာကို ကြုံတွေ့ခဲ့ရပါတယ်။

မေး- အခု မြစ်ကြီးနား ရောက်လာတော့ရော ဘယ်နေရာမှာ ခိုလှုံနေရလဲ။

“ အခု မြစ်ကြီးနား ၁၀မိုင် နှစ်ခြင်းဘုရားကျောင်းဝင်းမှာရှင်။  အခုနေဖို့ထိုင်ဖို့က စစရောက်တယ်ဆိုတော့ မိုးကာတဲတွေနဲ့ ကျမတို့ကို ထားတယ်။ အစိုးရဌာနဘက်က ဘယ်သူမှမလာသေးပါဘူး။ ဘာမှမကူညီသေးပါဘူး။ အခုက ဒီမှာ အသင်းတော်ကနေ ကူညီတာရှိတယ်။ တချို့ အန်ဂျီအိုအဖွဲ့ကနေ  ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ တွေ အဲလိုကူညီပါတယ်။”

မေး -ဒီမတိုင်ခင်က အောင်လော့ဒ်ရွာမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ ငြိမ်းချမ်းသွားပါပြီ။ ရွာသူ ရွာသားတွေအနေနဲ့ အိမ်ပြန်လာလို့ရပါပြီဆိုပြီး တပ်ကနေပြီး တနိုင်းမြို့မှာ ကြေညာထားတာ ရှိတယ်လေ။ ဆိုတော့ ရွာပြန်ဖို့ အစီအစဉ်ရှိလား။

“ စစ်တပ်က လော်မစပီကာတွေနဲ့ အော်တယ်လို့ သူများတွေပြောတယ်။ ဒါပေမယ့် ကျမတို့က တောထဲမှာနေတော့ အဲဒီအသံကိုမကြားရဘူး။ လက်နက်သံတွေကြားထဲမှာ ကျမတို့က ရွာထဲမှာနေဖို့ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်။ တကယ်လို့ စစ်တပ်ကနေမရှိဘူး။ နှစ်ဖက်တပ်ကနေ စစ်နဲ့ပတ်သက်တဲ့ဟာတွေ မရှိဘူး ဆိုမှ အာမခံချက်ရှိမှ ကျမတို့ ပြန်ရဲပါတယ်။  အခုလောလောဆယ်တော့ ကျမတို့ မပြန်သေးဘူး။ ”

မေး -ဒီလို တလနီးပါးကြာ ထွက်ပြေးလာရတဲ့ပေါ် တခြား ဘာပြောချင်တာ ရှိဦးမလဲ။

“ကျမတို့ ရွာသူရွာသားတွေအနေနဲ့ ဒီလိုစစ်ပွဲဖြစ်လို့ ကိုယ့်အိမ်၊ ကိုယ့်ယာ ကိုယ့်ရဲ့ကျွဲနွား တိရစ္ဆာန်တွေက ပစ်ထားခဲ့ရလို့ ကျမတို့က ခိုလှုံနေဖို့ စိတ်ချရတဲ့နေရာ ရောက်ပေမယ့် ကိုယ့်အိမ်ကိုယ့်ယာအတွက် ကျမတို့က အရမ်းစိတ်ဆင်းရဲရတာပေါ့နော်။ အခုချိန် ကျတို့ ပြောချင်တာက  ဒီစစ်ပွဲက မြန်မြန်ငြိမ်းမှ ကျမတို့ ပြည်သူပြည်သားတွေအတွက်က အသက်ရှူနည်းနည်းချောင်မှာဖြစ်ပါတယ်။ မထွက်လာသေးတဲ့ ရွာသူရွာသားတွေအတွက်လည်း ကျမတို့က မြန်မြန်ထွက်လာနိုင်အောင် အဘက်ဘက်ကနေ အားလုံးကူညီပြီး စစ်တပ်ကို ပြောပေးကြပါလို့ ကျမတို့ တောင်းဆိုချင်ပါတယ်။ ”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013