DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ဟိန္ဒူ ၁၀၀၀ ကျော်အတွက် နေစရာအခက်အခဲကြုံနေ
DVB
·
May 10, 2018
မောင်တောတွင် ဟိန္ဒူ ၁၀၀၀ ကျော်အတွက် နေစရာအခက်အခဲကြုံနေ
Donate to DVB

 

မကြာခင်မိုးရာသီ ရောက်လာတော့မှာဖြစ်ပေမယ့် ဟိန္ဒူတွေအတွက် ယခုအချိန်အထိ နေရာမရရှိသေးဘဲ တန်းလျားတဲအိမ်တွေမှာ အမိုးအကာတွေမလုံဘဲ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေထိုင်နေကြရတယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဟိန္ဒူတွေကပြောပါတယ်။

၂၀၁၇ သြဂုတ်လ၂၅ ရက် ARSA အကြမ်းဖက်သမားတွေရဲ့ ဘေးရန်ကြောင့် စစ်တွေမြို့ ဓညဝတီ အားကစားကွင်းမှာ ဟိန္ဒူတွေ ထောင်နဲ့ချီ ခိုလှုံနေထိုင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီကနေ့တဆင့် အစိုးရအစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က မောင်တောဒေသကို အားလုံးအပြီး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။

မောင်တောမြို့ ထွေအုပ်ရုံးအနီးတန်းလျားမှာ ယာယီနေထိုင်နေတဲ့ ဟိန္ဒူခေါင်းဆောင် တဦးဖြစ်သူ ဦးနီမိုလ်က “အခုလောလောဆယ် မိုးရာသီရောက်လာပြီဖြစ်တယ်။ ဒီလို တာလပတ် အမိုးအောက်နေရာတာကျတော့ ပူလည်းပူတယ်။ မိုးရာသီမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဒီဘက်ပတ်လည်ကြည့်ရင် မြင်နိုင်ပါတယ်။ တော်ကြာမိုးရာသီ ရောက်လာတော့မယ် ဆိုရင် နေရာစရာမရှိတော့ဘူး။ အစိုးရကလည်း ဘာလုပ်ပေးမလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာမရှိဘူး”လို့ပြောပါတယ်။

မောင်တောမြို့ဟိန္ဒူယာယီတန်းလျားတဲ့စခန်းမှာနေထိုင်တဲ့ ဒေါ်ကောမော်တီဘာလာက “ဒီမှာအလုပ်ကိုင် မယ်မယ်ရရတယောက်မှ မရှိကြပါဘူး။ ကျမဆိုရင် သူများတွေ အိမ်အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်တယ်။ တနေ့ကို ကျပ်၃၀၀၀ လောက်ရတယ်။ ဒါနဲ့ မိသားစုတွေ စားသောက်နေကြရတယ်။ စစ်တွေဒုက္ခသည် ခခန်းမှာ ကျမတို့နေခဲ့တုန်းက နည်းနည်း အဆင်ပြေခဲ့ပါတယ်။ အခုက လုံးဝအဆင် မပြေကြဘူး။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကတော့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်လာတဲ့ ဟိန္ဒူတွေအတွက် နေထိုင်ဖို့ မြေအကွက်ရိုက်ပြီး ဖြစ်တယ်လိုပြောပါတယ်။

“သူတို့အဖွဲ့တွေအတွက်ကတော့ အိန္ဒိယက လှူပေးထားတာတွေရှိတယ်။ ရွှေစားနဲ့ ကြိမ်ချောင်းမှာ၊ ကြိမ်ချောင်မှာ ၆၀ ကျော်၊ ရွှေစားမှာဆိုလို့ရှိ ၁၄၈ဦး၊ အဲ့ဒီနေရာတွေမှာ သူတို့ကိုထားမယ်။ အကွက်လည်းရိုက်ပြီးပြီ၊ လှူမယ့်ဘက်ကတော့အိန္ဒိယက လှူမှာ၊ မြေပြင်မှာ လည်းကွင်းဆင်းကြည့်ပြီးပြီ၊ မနက်ဖြန်ဆိုရင် အဲ့ဒီနေရာကို ကွင်းဆင်လေ့လာတော့မယ်”

လက်ရှိ မောင်တောဟိန္ဒူကယ်ဆယ်ရေးတဲ့စခန်းမှာတော့ တန်းလျားနဲ့နေထိုင်ကြတာ ဖြစ်ပြီးတန်းလျှား ၁၅ ခုရှိပါတယ်။ ဒါ့အပြင်အဲ့ဒီအနီးနားမှာ စေတနာရှင်တွေရဲ့အကူအညီနဲ့ ဝါး၊ တာလပတ်တွေ ယာယီတဲတွေ ဆောက်လုပ်ပြီးနေထိုင်ကြတာလည်းရှိပါတယ်။

ဒါ့အပြင် ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်လို့ ကလေးတွေရဲ့ပညာရေးအတွက်လည်း ဟိန္ဒူမိသားစုတွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဒုညွန်ကြားရေးမှူး ဦးစိန်ထွန်းလှကတော့ အကြမ်းဖက်မှုတွေကြောင့် ပြေးရှောင်လာတဲ့ ဟိန္ဒူတွေအတွက် ပညာရေးအခွင့်အလမ်း တွေပေးထားပြီးသားလို့ပြောပါတယ်။

“မောင်တောမှာ ကျောင်းတက်ဖို့အတွက် ဆရာတို့က သူတို့အားလုံးကို အခွင့်အလမ်းပေး ထားတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေ အတွက်ပါ။ သူတို့ဘက်က ကျောင်းလာမတက်ဘူး။ ကျနော်တို့ ဘက်ကအားလုံး အဆင်သင့်ပါခင်ဗျ”

မောင်တောမြို့ ထွေအုပ်ရုံးအနီး တန်းလျှားတဲစခန်းတွေမှာနေထိုင်ကြတဲ့ ဟိန္ဒူတွေ ကတော့ လှတောကျေးရွာ၊ ၄ မိုင်၊ ရွှေးစားကျေးရွာ၊ ကြိမ်ချောင်းကျေး၊ အင်းဒင်၊ ကျောက်ပန်းတူ၊ တွေအပါအဝင် နေရာအသီးသီးက ဟိန္ဒူတွေ ၁၀၀၀ ကျော်နေထိုင်ကြတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013