DVB Logo
Home
မြန်မာသတင်း
တပ်မတော်နှင့် ကေအန်ယူတိုက်ပွဲ အဆုံးသတ်ရေး နှစ်ဖက်တပ်မှူးများ တွေ့ဆုံဖြေရှင်းမည်
DVB
·
May 10, 2018
တပ်မတော်နှင့် ကေအန်ယူတိုက်ပွဲ အဆုံးသတ်ရေး နှစ်ဖက်တပ်မှူးများ တွေ့ဆုံဖြေရှင်းမည်
Donate to DVB

 

ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ တပ်မတော်နဲ့ ကေအန်ယူတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲငယ်တွေကို အဆုံးသတ်နိုင်ဖို့  အောက်ခြေကနှစ်ဖက် တပ်မှူးတွေညှိနှိုင်းဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)က ပြောပါတယ်။

ရန်ကုန်မြို့မှာမနေ့က ကျင်းပတဲ့ JMC မျက်နှာစုံညီအစည်းအဝေးအပြီးမှာ ကော်မတီ အတွင်းရေးမှူး၂ ဗိုလ်မှူးကြီးဝဏ္ဏအောင် ပြောတာဖြစ်ပြီး အောက်ခြေကနှစ်ဖက် တပ်မှူးတွေ တွေ့ဆုံပြီးရင် အချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်ပြီး ပြဿနာပြေလည်သွား မယ်လို့လည်းဆိုပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသာမြို့နယ်၊ ခေးပူနဲ့လယ်မူပလောရွာကြားမှာ ကားလမ်း ဖောက်လုပ်ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစလို့ အစိုးရစစ်တပ်အင်အား တိုးချဲ့ ဝင်ရောက်လာတာကြောင့် ကေအန်ယူနဲ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ကျေးရွာ ၁၄ ရွာ၊ လူပေါင်း ၂၀၀၀နီးပါး တောထဲထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကေအန်ယူနဲ့အစိုးရအကြား ၂၀၁၅ ခုမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အန်စီအေကို လက်မှတ်ရေးထိုးခဲ့ပြီး အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ယုံကြည်မှု တည်ဆောက်နေချိန်မှာ အစိုးရတပ်ဘက်က အခုလို လုပ်ဆောင်တာဟာ အန်စီအေ သဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်တယ်ဆိုပြီး ကေအန်ယူက JMC-U ဆီကို တင်ပြထားတာဖြစ်ပါတယ်။

အစည်းအဝေးမှာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “JMC အဆင့်ဆင့် အနေနဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်း အောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့အတွက် အထိုက်အလျောက် အောင်မြင်မှု ရရှိတာကို တွေ့ရပါတယ်။ သို့သော်လည်း တချို့နေရာတွေမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားမှာ အချို့နေရာ တွေမှာ ပစ်ခတ်တိုက်ခိုက်မှုရှိလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး JMC-S တွေအတွင်းမှာ နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံဖို့ ဆိုပြီး တော့မှ ၁၂ ကြိမ်မြောက်JMC-U အစည်းအဝေးမှာ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး JMC-S မှာ ဆောင်ရွက်ချက် အားနည်းတာ တွေ့ရတဲ့အတွက် အစည်းအဝေးပြီးတိုင်း နှစ်ဖက် တပ်မှူးတွေ တွေ့ဆုံပြီးတော့ ယုံကြည်မှုတည်ဆောက်ထားဖို့၊ ပစ်ခတ်တိုက်ခိုက်မှု မရှိအောင် ဆောင်ရွက်သွားဖို့ ဒီနေရာကနေတိုက်တွန်း ပြောကြားလိုပါတယ်။”လို့ပြောပါတယ်။

JMC-U ဒုဥက္ကဋ္ဌ စောအိုင်းဇက်ဖိုးက '' JMCလုပ်ငန်း အောင်မြင်မှု၊ ဆုတ်ယုတ်မှုဟာ အစုအဖွဲ့ သုံးဖွဲ့လုံးနှင့် သက်ဆိုင်ပါတယ်။JMC ဆုတ်ယုတ်မှု ရလဒ် အနေနဲ့ နှစ်ဖက် တပ်ဗိုလ်၊ တပ်မှူးတွေ ထိခိုက်ကျဆုံးစေမှာဖြစ်သလို အထူးသဖြင့် နယ်မြေခံလူထုမှာလည်း စစ်ရှောင်ဒုက္ခသည်အနေဖြင့် အတိဒုက္ခရောက်ရတယ် ဆိုတာ လက်တွေ့ဖြစ်စဉ်တွေကနေ ဖော်ပြနေပါတယ်။ ဒါကိုလည်း အထူးသတိမူရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ရပ်ဆိုင်းပြီးနောက် အားလုံးသော လက်နက်ကိုင်အဖွဲ့တွေ အန်စီအေမှတစ်ဆင့်JMC အတွင်း ပါဝင်နိုင်ဖို့နဲ့ JMC အကောင်အထည်ဖော်မှုတွေမှာ အားလုံး ယုံကြည်စိတ်ချစွာ ပါဝင်လာအောင် ဆက်လက်ကြိုးစားရမှာဖြစ်ပါတယ်''လို့ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC )အဆင့်ဆင့်မှာ အခုအချိန်ထိ တိုင်ကြားစာ ၄၁၁ စောင်ရှိခဲ့ကာ ဖြေရှင်း ဆောင်ရွက်မှုပေါင်း ၃၃၄ စောင်ရှိတယ်လို့ အဆိုပါ စုံညီအစည်းအဝေးကသိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်မြို့Lotte ဟိုတယ်မှာ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ နှစ်ရက်ကြာ ကျင်းပခဲ့တာပါ။

အစည်းအဝေးကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အသီးသီးက ဥက္ကဋ္ဌတွေနဲ့အဖွဲ့ဝင်တွေ၊ JMC အဆင့်ဆင့်ရဲ့ နည်းပညာအထောက်အကူပြုရုံး အဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ အန်ဂျီအိုတွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း JMC အဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက် အသေးစိတ် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေကို ပြည်ထောင်စု အဆင့် (JMC-U)၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် (JMC-S) နဲ့ ဒေသဆိုင်ရာအဆင့် (JMC-L) ဆို ပြီးအဆင့်ဆင့်ဖွဲ့စည်းထားတာပါ။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွေကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ဖွဲ့စည်းထားပါတယ်။

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L)တွေကိုတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နဲ့  ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့မှာ ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013