DVB Logo
Home
မြန်မာသတင်း
ကနီတွင် လေပြင်းကြောင့် စေတီထီးတော်များ မြေခ၊ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး
DVB
·
May 10, 2018
ကနီတွင် လေပြင်းကြောင့် စေတီထီးတော်များ မြေခ၊ အိမ်ခြေ ၁၀၀ ကျော်ပျက်စီး
1 / 8
Donate to DVB

 

မေလ ၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေး ကနီမြို့နယ် ကင်းရွာမှာရှိတဲ့ စေတီအချို့ ထီးတော်တွေ မြေခခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ကင်းရွာမှာ နေထိုင်တဲ့ မဥမ္မာခင်က ပြောပါတယ်။

“မနေ့က လေပြင်းတိုက်တယ်။ ရွာတောင်ကျောင်းက ၁ ဆူ၊ မြောက်ကျောင်းက ၃ ဆူ ဘုရားထီး မြေခတယ်။ လေက တသက်နဲ့တကိုယ် မကြုံဖူးဘူး။ ဝေ့ပြီးတိုက်တာ။ တောင်ကွယ်တဲ့ အိမ်တွေတော့ မထိဘူး။ တောင်မကွယ်တဲ့ အိမ်တွေတော့ ယိုင်တယ်။ လဲတယ်။ တချို့ ထုပ်တန်းတွေတောင် ပါကုန်တယ်။ ကမ်းနားဆိုက်ထားတဲ့ စက်လှေ အသေးတွေလည်း မှောက်ကုန်တယ်။”

ကင်းရွာကို မေလ ၉ ရက်နေ့က ညနေ ၄ နာရီခွဲမှာ စတင်တိုက်ခတ်ခဲ့တာ ဖြစ်ပြီး နှစ်စဉ် ညောင်ရေသွန်းပွဲ ကျင်းပနေတဲ့ ဗောဓိကျောင်းက ဓောဓိညောင်ပင်လည်း အမြစ်ကနေ ကျွတ်ထွက်လဲကျခဲ့ပြီး ကျန်ဗောဓိညောင်ပင်ကတော့ အကိုင်းအခက်တွေ ကျိုးကုန်တယ်လို့ သိရပါတယ်။ စေတီတွေအပြင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

“စက်လှေတွေက ပစ္စည်းမပါပါဘူး။ ကမ်းမှာ ကြိုးချည်ထားတဲ့ စက်လှေအသေးတွေပါ။ အဓိက လေတိုက်ပျက်စီးတာက ကမ်းနားတလျှောက်က အိမ်တွေ ပိုများတယ်။ ဘုရားစေတီတွေ ထီးတော်ပြုတ်ကျတဲ့အပြင် ယိုင်ကုန်တာတွေလည်း ရှိတယ်” လို့ မဥမ္မာခင်က ဆက်ပြောပါတယ်။

ကင်းရွာအနေနဲ့ လေပြင်းတိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရတာဟာ အခု ပထမအကြိမ်ဖြစ်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို မေးမြန်းဖို့ ဖုန်းဆက်သွယ်ရာမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုတွေကို ပြင်ဆင်နေတဲ့အတွက် အသုံးပြုနေတဲ့ တယ်လီဖုန်းတွေကို ပိတ်ထားကြတာကြောင့် မေးမြန်းလို့ မရခဲ့ပါဘူး။

မေလ ၉ ရက်နေ့ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ကနီနယ်သာမက မင်းကင်းမြို့နယ် ကျေးရွာတချို့မှာလည်း လေဘေးဒဏ်ကို ခံခဲ့ရပါတယ်။ ကလေးမြို့နယ်မှာတော့ ကလေး နည်းပညာတက္ကသိုလ်မှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013