DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီအဖွဲ့၏ ဒါကာကြေညာချက်ပါ စွပ်စွဲချက်များ မြန်မာ ပယ်ချ
DVB
·
May 10, 2018
အိုအိုင်စီအဖွဲ့၏ ဒါကာကြေညာချက်ပါ စွပ်စွဲချက်များ မြန်မာ ပယ်ချ
Donate to DVB

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က ထုတ်ပြန်တဲ့  ဒါကာ ကြေညာချက်ပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြတ်သားစွာ ပယ်ချလိုက်တယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

မေလ ၅ ရက်မှ ၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကျင်းပခဲ့တဲ့ ၄၅ ကြိမ်မြောက် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ဒါကာ ကြေညာချက်မှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာအပေါ် ပြင်းပြင်းထန်ထန် စွပ်စွဲဖော်ပြထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကို  “လူမျိုးစု သုတ်သင်ရှင်းလင်းမှု”၊ “အစိုးရ အားပေးသည့် အကြမ်းဖက်မှု” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့  တာဝန်မဲ့စွာ ဖော်ပြတဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ ပြတ်သားစွာ ပယ်ချတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ မေလ ၉ ရက်  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို ခွင့်လွှတ်မှာ မဟုတ်ကြောင်း ခိုင်မာတဲ့ အထောက်အထားရှိတဲ့ စွပ်စွဲပြောကြားချက်တွေကို စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ မြန်မာဘက်က ပြောပါတယ်။

ယနေ့ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုတော့ ဒါကာ ကြေညာချက်မှာ  ရှုတ်ချတာ အလျဉ်းမရှိဘူးလို့လည်းဆိုပါတယ်။

ဒါ့အပြင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း နေရပ်စွန့်ခွာသူတွေ အမြန်ပြန်လည်လက်ခံရေးလုပ်ငန်း စတင်ဖို့ အရေးတကြီး လိုအပ်နေမှုနဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတဖြစ်မှု မြှင့်တင်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်တဲ့ အကြံပြုမှုတွေတော့ ဒါကာ ကြေညာချက်မှာ တလုံးမှ ဖော်ပြမထားတာဟာ အထူးစိတ်မကောင်းစရာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူတွေ ဆန္ဒအလျောက် ဘေးကင်း၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်၊ နှစ်နိုင်ငံ သဘောတူညီချက်နဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံက တိုက်တွန်းထားပါတယ်။

ဒါကာမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အိုအိုင်စီရဲ့ ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုမှာ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီအစည်းအဝေးမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးမယ့် ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကို အကူအညီတွေ နှစ်ဆတိုးပေးကြဖို့နဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားအခွင့်အရေးရဖို့ အပါအဝင် အခွင့်အရေးတွေ အပြည့်အဝ ရရှိအောင် ဆက်လက်ကူညီကြဖို့လည်း အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

အိုအိုင်စီအဖွဲ့ရဲ့ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့် မပေးဘဲ ဆက်လက်ပိတ်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။  

ဓာတ်ပုံ-OIC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013