DVB Logo
Home
မြန်မာသတင်း
လက်ဖက်ရည်တခွက် ကျပ် ၃,၀၀၀ နားကပ်လာသဖြင့် အခြေခံပြည်သူများ မသောက်သုံးနိုင်
DVB
·
July 23, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်းက လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်တခွက်ကို ကျပ် ၃,၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာလို့ အခြေခံလက်လုပ်လက်စား ပြည်သူတွေအနေနဲ့ လက်ဖက်ရည်ကိုတောင် နေ့တိုင်း မသောက်နိုင်ကြတော့တဲ့ အခြေအနေကို ရောက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့က နာမည်ရှိပြီးသား လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်သောက်လက်ဖက်ရည် တခွက်ကို ၂,၅၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ် ဝန်းကျင်အထိ ရောင်းချနေကြတာ ဖြစ်ပါတယ်။

အဆိုပါဈေးနှုန်းဟာ အခြေခံပြည်သူတွေ အဓိကထား စားသုံးနေကြရတဲ့ ငစိန်ဆန်တပြည်ရဲ့ တန်ဖိုးနဲ့ ညီမျှနေတဲ့အတွက် လုပ်ခလစာနည်းပါးတဲ့ အခြေခံပြည်သူတွေအနေနဲ့ လက်ဖက်ရည် သောက်သုံးဖို့ တွန့်ဆုတ်နေရတဲ့ အခြေအနေလို့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတယောက်က  ပြောပါတယ်။

“အခုက လက်ဖက်ရည်တခွက်က ဆန်တပြည်ဖိုးလောက် ဖြစ်နေပြီ။ အရင်ကတော့ နေ့တိုင်းနီးပါး သောက်ဖြစ်ပါတယ်။ ၂၀၀/၃၀၀ ခေတ်တည်းက ၁,၀၀၀/၁,၅၀၀ လောက်အထိတော့ သောက်ဖြစ်သေးတယ်။ အခုကတော့ မသောက်ဖြစ်တော့ဘူး။ ကိုယ်တွေက တနေ့လုပ် တနေ့စားသမားတွေဆိုတော့ မိသားစုအတွက် စဉ်းစားရတာပေါ့။”

မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာတာဖြစ်ပြီး မြို့နေလူထုအတွက် စိတ်အပန်းဖြေရာနဲ့ သတင်းစကားဖြန့်ဝေရာ ဆုံမှတ်တခုအဖြစ် လက်ဖက်ရည်ဆိုင်တွေက ရှိခဲ့တာပါ။

၂၀၁၀ ပြည့်နှစ်လွန် ကာလတွေက လက်ဖက်ရည်တခွက်ကို ကျပ် ၁၅၀ မှ ၃၀၀ ကျပ်ဝန်းကျင်အထိသာ ရှိခဲ့ရာက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အထိ ကျပ် ၁,၀၀၀ အောက်မှာသာ ရှိခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တဲ့နောက် လက်ဖက်ရည်တခွက်ကို ကျပ် ၁,၀၀၀ ကျော် မြင့်တက်ခဲ့ပြီး လက်ရှိမှာ ကျပ် ၃,၀၀၀ နီးပါးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ဆိုင်အနေအထားပေါ် မူတည်ပြီးတော့ ဈေးကတော့ မတူဘူး။ တချို့ဆိုင်က ၂,၅၀၀၊ တချို့က ၂,၈၀၀၊ တချို့ဆိုင်တွေက ၃,၀၀၀၊ အဆင်ပြေသလို ရောင်းနေကြတာ” လို့ ပြောပါတယ်။

လက်ဖက်ရည်ဖျော်ရာမှာ အဓိက အသုံးပြုရတဲ့ နို့ဆီ၊ နို့စိမ်း၊ သကြားနဲ့ ကော်ဖီမှုန့် ဈေးနှုန်းတွေဟာ လက်ရှိအချိန်မှာ သိသိသာသာ မြင့်တက်နေတာကို မတွေ့ရပေမဲ့ လက်ဖက်ရည်တခွက် ဈေးတက်လာတဲ့အပေါ် အခြေခံပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ရန်ကုန်ကို အနယ်နယ်အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အခြေခံပြည်သူတွေဟာ လုပ်ခလစာ နည်းပါးမှုကြောင့် စားဝတ်နေရေး အခက်ကြုံနေရချိန်မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကိုပါ ထပ်တိုးခံစားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013