DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် တနိုင်းမြို့သို့ရောက်ရှိ
DVB
·
May 9, 2018
ကချင်စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် တနိုင်းမြို့သို့ရောက်ရှိ
Donate to DVB

 

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့ အကြား စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အောင်လော့ဒ်ကျေးရွာက ဒေသခံ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်  မေလ ၉ရက်မှာ ကချင်ပြည်နယ်၊ တနိုင်းမြို့ကို ရောက်ရှိလာပါတယ်။

စစ်ဘေးရှောင်ရွာသားတွေကို ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီ(UCCPF)နဲ့  ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေက ပူးပေါင်း သွားရောက်ကယ်ထုတ်လာခဲ့တာဖြစ်ပါတယ်။

UCCPFအဖွဲ့က ဦးစိုးဌေးက "လောလောဆယ်တော့ တနိုင်းမြို့ကို ရောက်နေပြီ။ ဘုရားကျောင်းတစ်ခုမှာ ယာယီနေထိုင်ဖို့လုပ်ထားတယ်။ တနိုင်းမှာက အိုင်ဒီပီ စခန်းမရှိသေးဘူး။ အခုကယ်ထုတ်တာကလည်း အုပ်ချုပ်ရေးပိုင်းရဲ့ ခွင့်ပြုချက်နဲ့တော့ မဟုတ်ဘူး။ ကျနော်တို့ကတော့ လူသားခြင်းစာနာတဲ့အနေနဲ့ရော၊ အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ကိုယ်ခြင်းစာစိတ်နဲ့ ကူညီပေးတာဖြစ်တယ်။ လောလောဆယ်တော့ ရှေ့ဆက်မယ့်အနေအထားအတွက် ညှိနှိုင်းတိုင်ပင်နေကြတုန်းပါပဲ။"လို့ ဒီဗွီဘီကိုပြောပါတယ်။

လောလောဆယ်မှာ တနိုင်းမြို့မှာ ဒုက္ခသည်စခန်းမရှိသေးတဲ့အတွက် တရားဝင်စခန်း ဖွင့်ခွင့်ရဖို့အတွက် လုပ်ဆောင်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကိုလည်း ကူညီမှုတွေရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တနိုင်းမြို့ပေါ်မှာတော့ စစ်ဘေးရှောင်လာသူတွေကို လှူဒါန်းသူတွေ အချို့တော့ရှိတယ်လို့ဆိုပါတယ်။

"ကျနော်တို့ အပိုင်းနှစ်ပိုင်းကို အဓိကလုပ်ဆောင်သွားမယ်။ ဒါကဘာလဲဆိုတော့ နေရပ်စွန့်ခွာလာရသူတွေကို သူတို့ဆန္ဒမပါဘဲ အစိုးရက အတင်းအကြပ်ပြန်မလွှတ်ဖို့၊ နောက်ပြီး တနိုင်းမြို့ပေါ်မှာ အိုင်ဒီပီစခန်းဖွင့်ပေးဖို့ပေါ့။ အခုကယ်ထုတ်ခဲ့တဲ့ နေရပ်စွန့်ခွာသူတွေကို တော့ လူဦးရေ၊ ကျား၊ မ၊ ကလေးသူငယ်အရေအတွက် အတိအကျရဖို့ စာရင်းကောက်နေဆဲဖြစ်တယ်။ အကြမ်းအားဖြင့် လူ ၂၀၀ ကျော်မယ်။ အမျိုးသမီးနဲ့ ကလေးပိုများမယ်။ အငယ်ဆုံးကတော့ ပြေးရင်းလွှားရင်း မီးဖွားတာလည်းရှိတယ်။ အသက်၈၀ကျော်လည်းပါတယ်။ တစ်ချို့ လမ်းမလျှောက်နိုင်သူတွေကတော့ ရေကြောင်းကနေ လှေနဲ့လာတာတွေလည်းရှိနေတယ်။ ဒါနောက်ဆုံးအခြေအနေပါပဲ။"လို့လည်း ဦးစိုးဌေးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်ဖို့ ဘာသာရေးခေါင်းဆောင် ၆ဦး ဦးဆောင်တဲ့အဖွဲ့က  တောထဲမှာ သွားရောက်ကယ်ဆယ်ခဲ့တာဖြစ်ပြီး အုပ်စုလိုက်ရှိနေတဲ့ ရွာသားတွေကို တွေ့ခဲ့ရသလို  တကွဲတပြားဖြစ်နေသူတွေလည်းတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

တနိုင်းကိုထွက်ပြေးရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ရှိအချိန်ထိတော့ ဌာနဆိုင်ရာအပါအဝင် ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်လာတာတော့ မရှိသေးပါဘူး။

နောက်ထပ်ရှိနေသေးတဲ့သူတွေကိုလည်း လူသားချင်းစာနာမှုအရ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမှာဖြစ်သလို လက်ရှိ အခြေအနေတွေကိုလည်း အစိုးရကို  တင်ပြသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013