DVB Logo
Home
မေးမြန်းခန်း
ရခိုင်ပြည်နယ်မှာ အမျိုးသမီး၊ ကလေးနဲ့လူကြီးပိုင်းတွေ ပိုပြီးဒုက္ခရောက်ကြတယ်
DVB
·
June 20, 2012
ရခိုင်ပြည်နယ်မှာ အမျိုးသမီး၊ ကလေးနဲ့လူကြီးပိုင်းတွေ ပိုပြီးဒုက္ခရောက်ကြတယ်
Donate to DVB

ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ သားကောင်ဖြစ်ကြ ရပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လိုတယ်လို့ ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး စခန်းကို ကွင်းဆင်းရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းက ပြောပါတယ်။

မနီလာသိန်းနဲ့ မမီးမီးတို့ နှစ်ဦးဟာ ဒီကနေ့ ဇွန် ၂၀ ရက်နေ့မှာ ရခိုင်ပြည်နယ် ပုဏ္ဏ္ဏားကျွန်းမြို့နယ် ကယ်ဆယ်ရေးစခန်းကို သွားလေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားရတဲ့ အကြောင်းရင်း ကို လေ့လာမှာဖြစ်သလို  စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေကို လေ့လာပြီး အချက်အလက် စုဆောင်းမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ အခြေအတွေနဲ့ပတ်သက်ပြီး မနီလာသိန်းကို မေးမြန်းထားပါတယ်။

ဒီနေ့ခရီးစဉ်မှာ ဘာတွေလုပ်ခဲ့လဲ၊ ဘာရည်ရွယ်ချက်တွေလဲ။ နည်းနည်းပြောပြပေးပါ။

“ဒီနေ့မနက် စစ်တွေကိုရောက်တော့ ပုဏ္ဏားကျွန်းကို သွားတယ်။ ပုဏ္ဏားကျွန်းကတော့ မီးလောင်တာ မီးရှို့ခံရလို့ မဟုတ်ဘဲနဲ့ သူ့အနီးအနား ပတ်ဝန်းကျင်ရဲ့ အခြေအနေ လုံခြုံမှုမရှိလို့ဆိုပြီးတော့ သူတို့ ဘူးသီးတောင် မောင်းတောဘက်ကနေ စစ်တွေမြို့က တက်တဲ့ရွာတွေကနေ အဲဒီကလူတွေက ပုဏ္ဏားကျွန်းမှာ ရောက်နေတာပေါ့။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ နေရာတွေမှာ ရောက်နေတာ။ အဓိကတော့ အမျိုးသမီး၊ ကလေး၊ သက်ကြီးနဲ့ အမျိုးသား မကျန်းမာတဲ့လူတွေကို ကယ်ဆယ်ရေး စခန်းက ခေါ်ထားတယ်။ အဲဒီမြို့ရွာက ကျန်းမာရေးကောင်းတဲ့ အမျိုးသားတွေကျတော့ သူတို့မြို့ရွာ လုံခြုံရေးအတွက်ဆိုပြီး ကျန်ခဲ့ကြတယ်။ ကိုယ်ဝန်ဆောင် မိခင် ၂ ယောက်တော့ ရှိတယ်။ တယောက်ကတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ မွေးဖွားပြီးပြီ။ နောက်တယောက်က မွေးမရလို့ စစ်တွေဆေးရုံမှာ ရောက်နေတယ်။”

အရေးပေါ် အခြေအနေလည်း ကြေညာထားတယ်ဆိုတော့ ဘယ်လိုမြင်ခဲ့ရလဲ။

“အခုကျမတို့ စစ်တွေကို စရောက်တဲ့အချိန်ကစပြီး မြင်ရတဲ့မြင်ကွင်းတွေက အေးအေးဆေးဆေးပါပဲ။ လုံခြုံရေးတပ်ဖွဲ့တွေက သူ့ဟာသူ သွားလာပြီးတော့ သူ့တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ ပုဏ္ဏားကျွန်းရောက်တော့ အဓိကလိုတာ ဘာလဲလို့ မေးတော့ စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ လုံခြုံရေးလို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့တော့ ကလေးသူငယ်တွေ ကျန်းမာရေး မကောင်းတာကလွဲရင် ထူးထူးခြားခြားတော့မရှိဘူး၊ အိမ်သာတွေကအစ လိုက်ကြည့်ခဲ့တယ်။”

ပုဏ္ဏားကျွန်းရဲ့ ကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည်ဘယ်လောက် ရှိနိုင်ပါသလဲ။

“၆ ရက်နေ့က စတင်ပြီးတော့ ၇၀၀ ကျော်ရှိတယ်လို့ပြောတယ်။ တချို့က သူတို့ရပ်ရွာ အနေအထား အရ ပြန်ကောင်းတယ်လို့ ယူဆတဲ့သူတွေက ပြန်သွားကြတော့ အခု ၃၀၀ ကျော်ပဲကျန်တော့တယ်။”

၈၈ မျိုးဆက်က ဘယ်နှယောက်လောက်ပါသလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။

“၈၈ မျိုးဆက်ကျောင်းသားကနေ မမီးမီးနဲ့ ကျမနဲ့သွားတယ်။ ကျမတို့သွားတဲ့အခါမှာ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေမှာ အခြေအနေမှန်ကို သိချင်ပါတယ်။ နောက်တခုက လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေရဲ့ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ ဘ၀လုံခြုံမှုအနေအထားတွေကို တွေ့မြင်ပြီးတော့ ဒီအချက်အလက်တွေကို စုဆောင်းပြီး ရန်ကုန်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ၈၈ မျိုးဆက်များအဖွဲ့ကို ဒီအချက်အလက်တွေကို ပေးပို့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ အားလုံးကနေပြီးတော့ လိုအပ်တာတွေ အားလုံးကို ဖြည့်စွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရုံးခန်းမှာလည်း ကူညီပေးရေး အလှူခံလည်း ဖွင့်ထားပါတယ်။”

အ၀တ်အထည် တချို့လှူတယ်လို့လည်းကြားတယ်။

“အ၀တ်အထည်တွေက ကားနဲ့တင်တာ မရောက်သေးပါဘူး။ ရောက်တာနဲ့ ဝေငှဖို့ အစီအစဉ် ရှိပါတယ်။”

အခုကိုယ်တိုင် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို ကွင်းဆင်းလိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် ထဲမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ မီးရှို့မှုတွေမှာ ဘယ်သူတွေက ထိခိုက်နစ်နာဆုံးလဲ၊ အဲဒီကိစ္စတွေကို မြန်မြန်ပြီးအောင် မနီလာသိန်း ဘယ်လိုဖြေရှင်းသင့်တယ်လို့ ပြောနိုင်သလဲ။

“အဓိကတော့ ပဋိပက္ခတိုင်းမှာ အမျိုးသမီးတွေက သားကောင်ဖြစ်သွားတာ၊ ကလေးသူငယ်တွေက သားကောင်ဖြစ်သွားတာ၊ အသက်ကြီးရွယ်အိုတွေ ဖြစ်သွားတဲ့ကိစ္စတွေ ဘယ်လိုအကြောင်းအရာ ပဲဖြစ်ဖြစ် ဒီလိုအကြမ်းဖက်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ အားလုံးဟာ စိတ်မကောင်းစရာဖြစ်ရပ်တွေပါ၊ ဒီလိုအဖြစ်ဆိုးမျိုးတွေ နောက်ထပ်မဖြစ်ချင်တော့ဘူး၊  အေးချမ်းတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေပဲ အားလုံးကိုဖြစ်စေချင်ပါတယ်။”

စစ်တွေမှာကော ကယ်ဆယ်ရေးစခန်းတွေ ကြည့်ဦးမလား။

“ကျမတို့ ဒီနေ့ အသေးစိတ် ပြန်ကြည့်တော့ ကယ်ဆယ်ရေး စခန်း ၇၀ ကျော်ရှိတယ်လို့ သိရ တယ်။ ဒေသခံတွေ ကောက်ယူပေးတဲ့ ကယ်ဆယ်ရေးစခန်း ၇၀ ကျော်ရှိတယ်၊ မနက်ဖြန်က စသွားမယ်။ စစ်တွေတခုတည်းမှာ ၇၀ ကျော်ရှိတယ်။”

မိန်းကလေး ၂ ယောက်ပဲလာတာလား၊ ကျန်တဲ့သူ ဘယ်သူပါသေးလဲ။

“ဒီရောက်နေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေတော့ ရှိပါတယ်။ ၈၈ အနေနဲ့တော့ ၂ ယောက်တည်း လာတာပါ။ မနီမိုလှိုင်ကတော့ မှတ်တမ်း (documentary) ရိုက်ဖို့ ပါလာတယ်။”

နယ်မြေခံတွေ သက်ဆိုင်ရာတွေက ဘာတွေကူညီပေးသေးလဲ။

“ကျမတို့ လေယာဉ်စဆိုက်တဲ့အချိန်ကစပြီး အားလုံးက နွေးနွေးထွေးထွေး ရှိကြပါတယ်။ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း သူတို့ကိုပြောပါလို့ ပြောကြပါတယ်။ ကျမတို့ ဖုန်းနံပတ်တွေလည်း ပေးထားတယ်။ သူတို့ရဲ့ ဖုန်းနံပတ်တွေလည်း ယူထားတယ်။ အားလုံးအေးအေးချမ်းချမ်းပါပဲရှင့်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013