DVB Logo
Home
Lead Story
တိုင်းရင်းသားပါတီတွေ အသာရဦးမယ့် နိုဝင်ဘာ ကြားဖြတ်
DVB
·
May 9, 2018
တိုင်းရင်းသားပါတီတွေ အသာရဦးမယ့် နိုဝင်ဘာ ကြားဖြတ်
Donate to DVB

လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက် စနေနေ့မှာ ကျင်းပပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါပြီ။ မေလ ၈ ရက်က ထုတ်ပြန်လိုက်တဲ့ ကော်မရှင်ရဲ့ ကြေညာချက်အရ ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့ ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံမြို့နယ်တို့ဖြစ်ကြပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကတော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂  မြစ်ကြီးနား ဖြစ်တယ်။ လစ်လပ် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေကတော့ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းတခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ပါဝင်တယ်။

ဒီတကြိမ် ကြားဖြတ်ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ်ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှာ လုပ်ခဲ့တယ်။ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လစ်လပ်နေရာ ၁၉ ခုအတွက် ကျင်းပပြုလုပ်ပေးခဲ့ပြီး လက်ရှိ အာဏာရ အန်အယ်လ်ဒီပါတီ အပါအဝင် ပါတီ ၂၄ ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ဦး စုစုပေါင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ရလဒ်တွေထွက်တော့ အာဏာရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်နေရာ ၉ ခုမှာသာ အနိုင်ရခဲ့ပြီး သူ့နောက်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၆ ခုမှာ အနိုင်ရပြီး ဒုတိယလိုက်ခဲ့တယ်။ ကယားနဲ့ ရခိုင်ပါတီနှစ်ခုက ကိုယ်စားလှယ် ၂ နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း နှစ်နေရာနိုင်တယ်။ ခြုံကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မြို့ကြီးတွေမှာ အန်အယ်လ်ဒီနိုင်ပြီး တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ နိုင်သွားတယ်။ အန်အယ်လ်ဒီဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၈ ခုပဲ ဝင်ပြိုင်နိုင်ခဲ့ပြီး ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကတော့ ၁၉ နေရာစလုံး ဝင်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟော ခုတခါ လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဦးမယ်လို့ ကော်မရှင်က ကြေညာလိုက်ပြန်ပြီး ဒီတခါ ကြားဖြတ်လုပ်မယ့် လစ်လပ်နေရာတွေ ကြည့်လိုက်တော့ ထက်ဝက်လောက်က တိုင်းရင်းသားဒေသတွေမှာ ဖြစ်တယ်။ ၂၀၁၇ အစဉ်အလာအရ ကြည့်ရင် ဒီတကြိမ်လည်း တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ အနိုင်ရပေဦးမယ်။ ဒီလိုဖြစ်နိုင်တဲ့ နောက်တကြောင်းက လတ်တလောမှာ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းထားနိုင်တာကြောင့်လည်း ဖြစ်တယ်။ ချင်းမှာ ချင်းတပါတီတည်း၊ မွန်မှာ မွန်တပါတီတည်း၊ ကရင်မှာ ကရင်တပါတီတည်း ပေါင်းစည်းထားနိုင်တဲ့ အနေအထားတွေက တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ အနိုင်ရဖို့ တွန်းအားတရပ် ဖြစ်နေတယ်။ အန်အယ်လ်ဒီဟာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး တိုင်းပြည်တာဝန် ယူထားပြီးကတည်းက တိုင်းရင်းသားပါတီတွေနဲ့ တကြိမ်တလေမှ တွေ့ဆုံထားနိုင်ခြင်း မရှိသလို အရင် မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့လည်း ဆက်ဆံရေးဝေးနေတဲ့ အနေအထားဖြစ်တယ်။ ဒီအချက်တွေကလည်း တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေပဲ နိုင်ဖို့ အကြောင်းဖန်တယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကစပြီး ရွေးကောက်ပွဲ အနိုင်ရရှိမှု အနေအထားတွေက ပြောင်းသွားပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလို အန်အယ်လ်ဒီ သောင်ပြိုကမ်းပြိုနိုင်တာမျိုး မတွေ့ရတော့ဘူး။ အခုလာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အန်အယ်လ်ဒီအနေနဲ့ သောင်ပြိုကမ်းပြိုနိုင်မယ့် အလားအလာ မတွေ့ရဘဲ မဲခွဲပေးရမယ့် အခြေအနေရှိတယ်။ တဖက်မှာ ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီကလည်း ပါတီမှတ်ပုံတင် ကြားဖြတ်မတိုင်မီကျရင် အနည်းဆုံး ၃ နေရာ ဝင်ပြိုင်မယ်လို့ ပြောထားပြန်တာမို့ ရန်ကုန်လို မြို့ကြီးတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး မဲကွဲမယ့် အခြေအနေ ရှိတယ်။ မဲဆွယ်စည်းရုံးရမယ့် အချိန်ကာလကလည်း မိုးမကုန်သေးခင် စက်တင်ဘာ၊ အောက်တိုဘာလတွေဖြစ်လို့ ပါတီကိုယ်စားလှယ်တွေ ခက်ခက်ခဲခဲ မဲဆွယ်ကြရမယ့် အနေအထားဖြစ်တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးကတည်းက ၂၀၁၇ ကြားဖြတ်၊ ခုတခါ ၂၀၁၈ ကြားဖြတ်နဲ့ ရွေးကောက်ပွဲတွေ အဆက်မပြတ်တာမို့ မဲပေးမယ့် ပြည်သူလူထုဘက်က ကြည့်ရင်တော့ သွေးမအေးကြသေးဘဲ သူတို့စိတ်ကြိုက် ရွေးကောက်တင်မြှောက်ကြပေလိမ့်ဦးမယ်။ သေချာတာတခုကတော့ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားပါတီတွေ အသာရဖို့ရှိတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013