DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းတွင် နေထိုင်ခွင့်မရသဖြင့် စစ်ဘေးရှောင်ရွာသားများ အခက်ကြုံနေ
DVB
·
May 9, 2018
ဒုက္ခသည်စခန်းတွင် နေထိုင်ခွင့်မရသဖြင့် စစ်ဘေးရှောင်ရွာသားများ အခက်ကြုံနေ
Donate to DVB

ကချင်ဒေသ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မံဝယ်ကျေးရွာမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ ၁၃၀ ကျော်ဟာ အစိုးရရဲ့ ဦးဆောင်ကယ်ထုတ်မှုနဲ့ မေ ၇ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေကို စစ်ဘေးရှောင်စခန်းမှာ မနေကြဖို့  တပ်မတော်ဘက်က မှာလိုက်တဲ့အတွက် သူတို့ရဲ့ အသိမိတ်ဆွေ အိမ်တွေမှာသာ တည်းခိုနေထိုင်နေကြရပါတယ်။

မံဝယ်ကျေးရွာကနေ ကာမိုင်းမြို့ပေါ်ကို ရောက်ရှိလာကြတဲ့အခါမှာ စစ်ဘေးရှောင်စခန်းမှာ မတည်းခိုရဘဲ အသိမိတ်ဆွေအိမ်မှာသာ တည်းခိုနေရတဲ့အတွက် အချိန်ကြာလာနဲ့အမျှ နေထိုင်ရေး အဆင်မပြေနိုင်တော့ဘူးလို့ စစ်ဘေးရှောင်ပြည်သူတွေက ဖွင့်ဟပြောလာကြပါတယ်။

မံဝယ်ကျေးရွာက စစ်ဘေးရှောင် ဒေါ်ကော့ဘူကတော့ သူ့ရဲ့မိသားစုဝင်အရေအတွက်ဟာ ၇ ယောက် ဖြစ်နေတဲ့အတွက် အသိမိတ်ဆွေအိမ်မှာ ကြာကြာနေထိုင်ဖို့  မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“စစ်ရှောင်စခန်းမှာ နေချင်တာပေါ့။ ဒါပေမယ့် သူတို့က စစ်ပြေးဒုက္ခသည် မရှိဘူးလို့ ပြောရမယ်ဆိုတော့ ကိုယ့်ဆွေမျိုးအိမ်မှာ နေရမယ်တဲ့။ စစ်ဘေးဒုက္ခသည် မရှိဘူးဆိုတာကို လက်မခံနိုင်ဘူး။ နေထိုင်ရေးအတွက် ဘာဆက်လုပ်ရမယ် ဆိုတာ မစဉ်းစားမိသေးဘူး”

မံဝယ်ကျေးရွာမှာ ဧပြီ ၁၁ ရက်ကတည်းက ပိတ်မိနေသူ အရေအတွက်က ၁၅၀ကျော်ရှိ ပါတယ်။ ဒေသခံ ရွာသူရွာသားတွေတင်မကဘဲ အဲဒီရွာကို လုပ်ငန်းတာဝန်တွေနဲ့ ရောက်ရှိနေတဲ့ ဧည့်သည် ၂၂ ယောက်ပါ ပိတ်မိခဲ့တာလည်း ဖြစ်ပါတယ်။ ဧည့်သည် ၂၂ ယောက်ကိုတော့ မေ ၆ ရက်ကတည်းက အစိုးရဘက်က ကယ်ထုတ်ပေးခဲ့ပါတယ်။

ဗိုလ်မှူးကြီးမောင်မောင်ထွေး ဦးဆောင်တဲ့ စစ်ကြောင်းဟာ မံဝယ်ကျေးရွာမှာ အခြေချထားပြီး အဲဒီရွာက ပြည်သူတွေရဲ့ လုံခြုံရေးအတွက်သာ ရှိနေတာဖြစ်လို့  ပြည်သူတွေကိုတော့ ဘာမှလုပ်ခဲ့တာ မရှိဘူးလို့ ရွာသားတွေက ပြောပါတယ်။

ဒါပေမယ့် ရွာမှာ စစ်ကြောင်းတခုလုံး ရှိနေတဲ့အတွက် ကြောက်ရွံ့နေခဲ့ရတယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဒေါ် နန်အောင်လုက ရှင်းပြပါတယ်။

“ရွာသားတွေအပေါ် ကောင်းပါတယ်။ ကျမတို့ကတော့ ကြောက်တယ်လေ။ အရင်တုန်းကလည်း စစ်တပ်က လာပါတယ်။ ယာယီပဲ။ အခုတခေါက်တော့ တော်တော်ကြာတယ်။ အန်တီတို့ မရှိတော့  ကျနော်တို့လည်း နေစရာမလိုတော့ဘူးလို့တော့ ပြောတယ်”လို့ သူက ပြောပါတယ်။

နေစရာ အခက်အခဲဖြစ်နေတဲ့ မံဝယ်ကျေးရွာက စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ ကျေးရွာကိုသာ အမြန်ဆုံး ပြန်လိုကြပေမယ့် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား တည်ငြိမ်အေးချမ်းတယ် ဆိုတဲ့ အာမခံချက် မရှိတဲ့အတွက် ပြန်ဖို့ မလွယ်ဘူးလို့ ဒေါ်နန်အောင်လုက ဆက်ပြောပြပါတယ်။

“နှစ်ဖက်စလုံး အာမခံချက်ရှိရင် ကိုယ့်အရပ်မှာပဲ သွားလုပ်စားမှာပေါ့။ အခုလို ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ ကမ်းမမြင် လမ်းမမြင် ဖြစ်နေတော့ အထက်လူကြီးတွေအနေနဲ့ နေစရာအတွက် စဉ်းစားပေးပါ။ မိတ်ဆွေဆိုတာက ကိုယ့်မောင်အရင်းခေါက်ခေါက်တောင် သူ့ဝမ်းစာအတွက် သူ ရုန်းကန်နေရတာ။ ရေရှည်ဆို ဘယ်ခံနိုင်မလဲ။ အထက်က လူကြီးတွေ အန်တီတို့အပေါ် နားလည်နိုင်ပါစေ။ နေစရာ ထိုင်စရာကအစ ကျောင်းစရိတ်တွေရောပေါ့”

မံဝယ်ကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ဟာ မေ ၇ ရက် ည ၁၁ နာရီမှာ ကာမိုင်းမြို့ကိုရောက်ခဲ့ပြီး ညတွင်းချင်းမှာပဲ သူတို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေကို အစိုးရဘက်က လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ကချင်ခရစ်ယာန်ကောင်စီ ဥက္ကဋ္ဌ ဆရာလဆိုင်းကတော့ သူတို့အနေနဲ့ ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးရဲ့ အကြောင်းကြားချက်အရ ရွာသားတွေအတွက် မြို့ပေါ်က လိုင်နောင်း စစ်ဘေးရှောင်စခန်းမှာ ထားဖို့ စီစဉ်ခဲ့ပေမယ့် အခုလို အစိုးရဘက်က လုပ်ဆောင်မှုကြောင့် အစီအစဉ်ပျက်သွားခဲ့ရတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“မဖြစ်သင့်တဲ့အရာပေါ့။ ဒီရွာသားတွေက တောထဲမှာ နေခဲ့တယ် ဆိုပေမယ့် လူက လူပါပဲ။ သူတို့ကို လူလို ဆက်ဆံပေးဖို့ လိုချင်တာပါ။ ကျနော်တို့ ရည်မှန်းချက်က ဒီမှာထားဖို့ပါပဲ။ နောက်ပိုင်း ဘယ်လိုညွှန်ကြားမလဲတော့ မသိဘူးပေါ့နော်”

တနိုင်းနဲ့ နမ္မတီးမြို့နယ်တွေမှာလည်း စစ်ဘေးရှောင်စခန်းတွေဟာ မြို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး တပ်မတော်က အခုချိန်ထိ  ဒုက္ခသည်စခန်းတွေ ဖွင့်ခွင့်မပေးသေးပါဘူး။

ဒါပေမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အမှန်တကယ် လိုအပ်လာရင် စစ်ဘေးရှောင်စခန်းတွေ ဖွင့်ရမယ်လို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ဧပြီ ၁၁ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ် အောင်လော့ရွာမှာ တောတွင်းပိတ်မိနေသူ  ၂၀၀၀ ကျော် ရှိနေပါသေးတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013