DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ စိတ်ရှည်သည်းခံရန် တိုက်တွန်း
DVB
·
May 8, 2018
အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ စိတ်ရှည်သည်းခံရန် တိုက်တွန်း
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်တွေအနေနဲ့ စိတ်ရှည်သည်းခံပြီး ဘက်လိုက်မှုကင်းကြဖို့ ကော်မတီဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အထိ ရှိနေပြီဖြစ်ပါတယ်။

အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပေမယ့် အောက်ခြေမြေပြင်မှာတော့ ပစ်ခတ်မှု အချို့ဖြစ်ပွားနေတဲ့အတွက် ဒီအခြေအနေတွေကိုစောင့်ကြည့်နေရတဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင်တွေအနေနဲ့ စိတ်ရှည်သည်းခံပြီး ဘက်လိုက်မှုကင်းကင်းနဲ့ ကြားဝင်ဖျန်ဖြေပေးဖို့ လိုအပ်တယ်လို့ ကော်မတီဥက္ကဋ္ဌက မေလ ၈ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ဒုတိယအကြိမ် JMC အဆင့်ဆင့် မျက်နှာစုံညီ အစည်းအဝေးမှာ တိုက်တွန်းပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျာ ပါဝင်ဆောင်ရွက်နေကြတဲ့ JMC အဆင့်ဆင့်မှာ ပါဝင်သူများအနေနဲ့ စိတ်ရှည် သည်းခံ ခွင့်လွှတ်တတ်တဲ့ စိတ်ဓာတ်ကို မွေးမြူပြီးတော့ မလျှော့သောဇွဲနဲ့ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်။ အခက်အခဲတွေ ရှိရင်လည်း ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံနဲ့ ပူးပေါင်းညှိနှိုင်း အဖြေရှာပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအေင် ကြိုးပမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။”လို့ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပြီးဖြစ်ပေမယ့် အောက်ခြေမြေပြင်မှာ တိုက်ပွဲငယ်တွေ ပြန်ဖြစ်ပွား တာနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်လို့ JMC –U တာဝန်ရှိသူတဦးက သုံးသပ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဟာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် နှစ်ဖက်အကြား တဖက်နဲ့တဖက် ယုံကြည်မှု ပျက်ပြားစေတဲ့ အပြုအမူမျိုးကို လက်နက်ကိုင် နှစ်ဖက်လုံးက အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။”လို့ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အောက်ခြေမှာဖြစ်ပွားတဲ့ တိုက်ပွဲငယ် တွေကို စောင့်ကြည့်ဖျန်ဖြေရာမှာ မျှော်မှန်းထားသလောက် အောင်မြင်မှုမရဘူးလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ ကော်မတီက မူလရည်ရွယ်ချက်တွေ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေလျော့ချရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို ပိုပြီး အားစိုက်ကြိုးပမ်းနေတယ်လို့ ကော်မတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013