DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်သူများ တရားစွဲဆိုခံရ
DVB
·
May 8, 2018
ရန်ကုန်တွင် စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖော်သူများ တရားစွဲဆိုခံရ
Donate to DVB


ပိတ်မိနေတဲ့ ကချင်စစ်ရှောင်တွေကို ကယ်ထုတ်ပေးဖို့နဲ့ ပြည်တွင်းစစ်ရပ်ဖို့ ရန်ကုန်မြို့မှာ မေလ ၆ ရက်က ဆန္ဒပြသူတွေထဲက ဦးဆောင်သူတွေကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

ရန်ကုန်မြို့မှာ လူ့ဘောင်သစ်လူငယ်အဖွဲ့နဲ့ ဗကသကျောင်းသားလူငယ်တွေဦးဆောင်ပြီး ပြည်တွင်းစစ်ရပ်တန့်ရေး၊ ကချင်ပြည်နယ် တိုက်ပွဲတွင်းပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ လွတ်မြောက်ရေး လူပေါင်း ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

ဦးဆောင်တဲ့ လူ့ဘောင်သစ်လူငယ်အဖွဲ့က ကိုရဲအောင်အေး၊ ကိုမျိုးစောနဲ့ ဗကသကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က လူငယ် ကိုကောင်းထက်ကျော်နဲ့ ကိုဇေယျတို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမျိုးသက်က တရားလိုလုပ်ပြီး အမှုဖွင့်ထား တာဖြစ်ပါတယ်။

စစ်ပွဲရပ်ရေးနဲ့ ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့ ဆန္ဒထုတ်ဖော်တာကို အခုလို အရေးယူ တဲ့အတွက်စိတ်မကောင်းဖြစ်မိတယ်လို့ တရားစွဲဆိုခံရတဲ့ လူဘောင်သစ်လူငယ် ကိုရဲအောင်အေး ကပြောပါတယ်။

“ကျနော်တို့က ကိုယ့်တိုင်းပြည် တိုင်းရင်းညီအစ်ကိုမောင်နှမတွေ လွတ်မြောက်ဖို့ တောင်းဆိုတယ်။ အဲဒီအတွက် တရားစွဲဆိုခံရတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံအစိုးရအတွက် စိတ်မကောင်းဘူးပေါ့နော်။ သူတို့ ကူညီရမယ့်ကိစ္စဖြစ်ရဲ့သားနဲ့ ကျနော်တို့က ပြန်တောင်းဆိုလို့ တရားစွဲတယ်၊ အမှုဖွင့်တယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စလို့ပဲထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က နိုင်ငံသားတွေရဲ့ လွတ်လပ်ပိုင်ခွင့်အရ ကျနော်တို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ အဲဒီအတွက်ကို ငြိမ်းချမ်းရေးကိစ္စမှာ ဆန္ဒဖော်ထုတ်လို့ တရားစွဲတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်။”

ကချင်ပြည်နယ်မှာ ပိတ်မိပြည်သူလွှတ်ပေးရေး၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးကို ဖျက်စီးသူတို့ရန်သူဆိုပြီ ကြွေးကြော်တောင်းဆိုခဲ့တာမှ ကျောက်တံတား မြို့နယ်ရဲစခန်းမှူးဆီ အကြောင်းကြားတာမရှိတဲ့အပြင် လုံခြုံရေးက တားမြစ်ခဲ့ပေမယ့် မရပ်တန့်ဘဲ ဆန္ဒဖော်ပြခဲ့လို့ အမှုဖွင့်တာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်လိုသူတွေအနေနဲ့  ငြိမ်းစုစီဥပဒေအရ ကြွေးကြော်သံ၊ ရည်ရွယ်ချက်နဲ့ ပြုလုပ်လိုတဲ့ အချိန်အပိုင်းအခြားတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ ၄၈ နာရီကြိုတင် အသိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။

ငြိမ်းစုစီပုဒ်မ ၁၉မှာ  ပြစ်မှုထင်ရှားပါက သုံးလထက်မပိုတဲ့  ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံး သောင်းထက်မပိုတဲ့ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013