DVB Logo
Home
မြန်မာသတင်း
နမ္မတူတွင် ရွာထဲလက်နက်ကြီးကျည် ပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
May 8, 2018
နမ္မတူတွင် ရွာထဲလက်နက်ကြီးကျည် ပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာမှာ မနေ့ ညနေပိုင်းက လက်နက်ကြီး ကျည်ပေါက်ကွဲပြီး  ကလေး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။

မနေ့ ညနေ ၄ နာရီလောက်က နားဆိုင်းရွာနေ မောင်အားကျင် (၁၅ နှစ်)၊ မောင်ဟန်ဇင်မင်း (၇ နှစ်)နဲ့ မနန္ဒာလင်း (၉ နှစ်)တို့ ၀မ်းကွဲမောင်နှမ ၃ ဦး ၀က်ခြံနားမှာရှိနေစဉ်  လက်နက်ကြီး ကျည် အကြွင်းကျန်တလုံး ပေါက်ကွဲတာလို့ နားဆိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်ဇုန်မီက ပြောပါတယ်။

“အသံကြားတော့ ကားဘီးတာယာ ပေါက်တယ်ပဲထင်တာ၊ နောက်တော့ ၆၀ မမ လက်နက်ကြီးကွဲတာလို့ ပြောတယ်။ ပြီးမှကျနော်တို့ သိရတာ၊ အကြီးကောင်က ၀က်စာသွားကျွေးတာ။ အငယ်  ၂ ယောက်က လိုက်သွားပြီး အဲဒီနားဆော့နေတာ။ သူတို့ ကအဲဒီ လက်နက်ကြီးကို ကျောက်ခဲနဲ့ သွားထုတယ်ထင်တယ်။ ကျနော်တို့ရွာနားမှာ အရင်လက တီအန်အယ်လ်အေနဲ့ တပ်မတော်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ရွာထဲလက်နက်တွေ ကျလာတာရှိတယ်။ မနေ့က ပေါက်ကွဲတာတော့ အရင်လက ကျလာတဲ့ လက်နက်အကြွင်း အကျန်ထင်တယ်။ အစက မြေကြီးထဲဝင်နေလို့ ဘယ်သူမှ မမြင်ဘူး။ ဒီရက်ပိုင်း မိုးရွာတော့ အဲဒီလက်နက်က ၀က်ခြံ တံစက်မြိတ်နားရှိနေတော့ တံစက်မြိတ်က မိုးရေတွေကျပြီးမှ ပေါ်လာတာ။ အဲဒါကို ကလေးတွေ မသိဘဲ သွားထုကစားပြီး ပေါက်ကွဲတာ”

ကလေးတွေ ဒဏ်ရာရရချင်း မိဘဆွေမျိုးတွေက ကျေးရွာဥက္ကဋ္ဌဟောင်းရဲ့ကားနဲ့ လားရှိုး ဆေးရုံသို့ပို့ဆောင်ခဲ့ရာမှာ  ၇ နှစ်အရွယ်ကောင်လေးကတော့ အူတွေ ထွက်ကျလာကာ ဆေးရုံရောက်တော့ သေဆုံးနေပြီလို့ ဆိုပါတယ်။

ကျန်တဲ့ ကလေး ၂  ဦးအနက် မောင်အားကျင်က ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက် ချိုင်းအောက်မှာ လက်နက်ကြီးစတွေ နစ်ဝင်ပြီး မနန္ဒာလင်းက ခြေထောက်နဲ့ ခြေသလုံးတွေမှာ လက်နက်ကြီးစတွေ နစ်ဝင်သွားကြောင်း၊ လက်နက်ကြီးစတွေကို ဆရာဝန်က ခွဲစိပ်ထုတ်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့  နားဆိုင်းဥက္ကဋ္ဌကပြောပါတယ်။

နားဆိုင်းကျေးရွာဟာ  နမ္မတူ-လာရှိုးသွား ရထားလမ်းဘေးမှာရှိပြီး အိမ်ခြေတစ်ရာကျော်ရှိ ရွာကြီးဖြစ်ကာ  တရုတ်၊ ပလောင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြပါတယ်။

ဓာတ်ပုံ-KyawWinMaung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013