
အစိုးရပိုင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှု၊ မမှန်မကန် လုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြည်သူလူထုထံမှ အသိပေး တိုင်ကြားစာပေါင်း၂၅၀၀ ကျော်ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သိရပါတယ်။
အန်အယ်လ်ဒီအစိုးရသစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားတာပါ။
ဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုထံကနေ အသိပေးတိုင်ကြားစာတွေကို မှတ်ပုံတင်စာ၊ ဖက်စ်၊ အီးမေးလ်တို့နဲ့ လက်ခံအရေးယူဆောင်ရွက်ခဲ့ရာမှာ အစိုးရ ဒုတိယ နှစ်နှစ်တာ ကာလအတွင်း စုစုပေါင်း တင်ပြစာ (၂၅၁၆)စောင် လက်ခံရရှိခဲ့ပြီး အများစုမှာမြေယာ၊ စီမံ/အုပ်ချုပ်မှု၊ အဂတိ၊ တရားစီရင်မှု၊ လူမှုရေး အကြောင်းအရာ ကိစ္စရပ်တွေဖြစ်ပြီး ပြည်သူတို့ရဲ့ တင်ပြချက်တွေအပေါ် အရေးယူဆောင်ရွက်တာကို နိုင်ငံတော်သမ္မတရုံးနဲ့ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်စေရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြင့်မားတိုးတက်စေရေးတို့အတွက် အဂတိလိုက်စားမှု ကင်းရှင်းရေးမှာ အဓိက အခြေခံကျတဲ့ အချက်တစ်ရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးကူညီ အထောက်အကူပြုဖို့ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ဝန်ကြီးဌာနဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကိုလည်း အဓိကထား ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြေပြင်အခြေအနေကို လေ့လာနိုင်စေဖို့ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြီးအကဲတွေကို ၂၀၁၆ ခုနှစ်ကစပြီး ယခုအချိန်ထိ ရခိုင်ပြည်နယ်ခရီးစဉ် ၁၀ ကြိမ်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပ မီဒီယာတွေကိုလည်း ရခိုင်ခရီးစဉ် (၉)ကြိမ်အထိ စေလွှတ် ပေးခဲ့တဲ့အပြင် တစ်လနှစ်ကြိမ် သတင်းသွားရောက် ရယူနိုင်ရေး ဆောင်ရွက်ပေးနေသလို ရခိုင်ပြည်နယ်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းပြီး သတင်း ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-State Counsellor











