DVB Logo
Home
မြန်မာသတင်း
မွန်လူမျိုးများအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်လမ်းကြောင်းပေါ် လျှောက်မည်
DVB
·
May 8, 2018
မွန်လူမျိုးများအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်လမ်းကြောင်းပေါ် လျှောက်မည်
Donate to DVB

 

မွန်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ တတပ်တအားပါဝင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးနိုင်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့မှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထုတ်ပြန်ကြေညာလိုက်တာပါ။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရတော့ဘူးလို့ ပြောပါတယ်။

“တို့နိုင်ငံမှာ ဖြစ်ရှိနေတဲ့ ပြဿနာတွေက စစ်ရေးနည်းချည်းပဲ ဖြေရှင်းလို့မပြီးဘူး။  အခုထိက ဖြေရှင်းလာတာ နှစ်ပေါင်း ၇၀ တင်းတင်းကိုပြည့်နေပြီ။ အဲတော့ အဲလို စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းလာလို့ တို့နိုင်ငံက တော်တော်လေးကို ခေတ်နောက်ကျနေပြီ။ တော်တော်လေး မွဲနေပြီ။ လူမျိုးတမျိုးနဲ့တမျိုး ပြဿနာကတွေများကြီး ယုံကြည်မှုတွေကင်းမဲ့လာတယ်။ အဲတော့ ရှေ့မှာ လည်း တကယ်လို့ စစ်ရေးနည်းနဲ့ပဲဖြေရှင်းရင် ဒါဘယ်လိုမှ ပြေလည်မှာ မဟုတ်ဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့နိုင်ငံဖြစ်လို့ တိုင်းရင်းသား အားလုံး အတူတကွ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်ဖို့ဆိုတဲ့နေရာမှာ အဓိကအားဖြင့် အခွင့်အရေးအရ တန်းတူဖြစ်ရမယ်။ သူ့လူမျိုးဆိုင်ရာ လွတ်လွတ်လပ်လပ်နဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိဖို့ လိုတယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

မွန်အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး က မွန်လူမျိုးတွေအနေနဲ့ဒီလို နိုင်ငံရေးအတွက် တစုတစည်းထဲ ဆွေးနွေးတာ ပထမဆုံးအကြိမ် ဖြစ်ပြီး ရလဒ်ကောင်းတွေရခဲ့တယ်လို့ ပြောပါတယ်။

“မွန်လူမျိုးတွေရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ့လေ။ ဒီလိုမျိုးတစုတစည်းထဲ အစုအဖွဲ့ပေါင်းစုံ ကနေပြီးတော့ တနေရာထဲမှာ ဒီလိုရောက်လာပြီးတော့မှ နိုင်ငံရေးအတွက် အဖြေရှာ ဆွေးနွေးကြ တယ်ဆိုတာ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒါကြောင့်မို့လို့ တဖက်မှာ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ တကယ်ကို အကျိုးရှိမယ့် မူဝါဒရပ်တည်ချက်တွေ ရတာဖြစ်သလို တဖက်မှာလည်း မွန်လူမျိုးတွေအတွက် နိုင်ငံရေးအရ စုစည်းမှုအင်အား တခုရသွားတယ်လို့ သုံးသပ်မိပါတယ်။”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ် ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေ ဦးဆောင်ကျင်းပတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေ ၅ ရက်မှ ၇ ရက်အထိ ရေးမြို့ပြည်သူ့ အားကစားရုံမှာ ကျင်းပခဲ့တာပါ။

အဆိုပါ မွန်လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကဏ္ဍကြီး ၄ ရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအ၀င် မြေယာနှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေးနဲ့ ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနေကြပါတယ်။     

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013