
ကွယ်လွန်သွားပြီဆိုပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းဟာ မမှန်ကန်တဲ့အကြောင်း ကာယကံရှင် အဆိုတော် စိုင်းဆိုင်မောဝ်က မနေ့ညပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ရှင်းလင်းခဲ့ပါတယ်။
ဒါဟာ မဟုတ်မမှန်တာတွေ တင်တာဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လိုက်ဖ်လွှင့်ပြီး ပရိသတ်တွေကို ရှင်းပြတာဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် သူချစ်တဲ့ပရိသတ်ကို လေးစားကြောင်း၊ ဆက်လက်ပြီး သီချင်းတွေကို ပြန်ဆိုသွားမှာဖြစ်ကြောင်း စိုင်းဆိုင်မောဝ်ကပြောပါတယ်။
“ကျနော် မသေသေးပါဘူးခင်ဗျာ။ ကျနော် အသက်ရှင်နေသေးပါတယ်။ ကျနော် ဆက်လက်ပြီးတော့ ကျနော့်အသက်ရှင်အောင် ကျနော့်သီချင်းဆိုသက်ကို ဆက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ဇနီးမောင်နှံတွေကို အထူးကျေးဇူးတင်ပါတယ်။ ကျနော့်အတွက် ဝမ်းနည်းစရာတွေ ရှိတယ်၊ ဝမ်းသာစရာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်ချစ်တဲ့ ပရိသတ်ကို အထူးပဲ လေးစားလျက်ပါ။ ကျနော် အသက်မသေသေးပါ။ အသက်ရှင်နေသေးတဲ့အတွက် ဆက်လက်ပြီးတော့ သီချင်းတွေကို အားအင်သစ် အားနဲ့အင်နဲ့ လုပ်ပါ့မယ်။ ပြန်ဆိုပါမယ့်။ ပရိသတ် အားလုံး နားလည်စေချင်ပါတယ်။ ကျနော် အသက်ရှင်ပါသေးတယ်။ ”
ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ကျန်းမာရေးမကောင်းလို့ ဘန်ကောက်မှာ သွားရောက် ဆေးကုသမှုခံယူခဲ့ရပြီး ဆေးရုံက ပြန်ဆင်းလာပြီ ဖြစ်ပါတယ်။










