DVB Logo
Home
မြန်မာသတင်း
ပိတ်မိနေသည့် ကချင်စစ်ဘေးရှောင် ၁၃၀ကျော် ကာမိုင်းမြို့ကို ရောက်ရှိလာ
DVB
·
May 8, 2018
ပိတ်မိနေသည့် ကချင်စစ်ဘေးရှောင် ၁၃၀ကျော် ကာမိုင်းမြို့ကို ရောက်ရှိလာ
1 / 5
Donate to DVB

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဧပြီ ၁၁ ရက်ကတည်းက ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မံဝယ်ကျေးရွာမှာ ပိတ်မိနေတဲ့  စစ်ဘေးရှောင် ၁၃၀ ကျော်ဟာ မနေ့ည ၁၁ နာရီခွဲလောက်မှာ ကာမိုင်းမြို့ကို ရောက်ရှိလာပါတယ်။

အစိုးရက ဦးဆောင်ပြီး သွားရောက်ကယ်ထုတ်လာတဲ့ မံဝယ်ကျေးရွာက ပြည်သူတွေကို ကာမိုင်းမြို့ပေါ်က လိုင်နောင်းစစ်ဘေးရှောင်စခန်းမှာ ခဏတည်းခိုစေမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မိမိပြန်လိုတဲ့အရပ်ကို ပြန်နိုင်မှာဖြစ်ပြီး နေစရာ ဆွေမျိုးအိမ် မရှိသူတွေကတော့ စခန်းမှာ ဆက်လက်နေထိုင်နိုင်အောင် ကချင်ခရစ်ယာန်ကောင်စီက စီစဉ်ထားပါတယ်။

ပိတ်မိပြည်သူ ၁၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့်လည်း ကချင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိပြည်သူ ၂၀၀၀ ကျော်ကို ကယ်ထုတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်လို့ ကချင်လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

တနိုင်းမြို့နယ်မှာတော့ စစ်ဘေးရှောင်စခန်း ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ၂၀၁၇ ခုနှစ်ကတည်းက ကန့်သတ်ထားတာ ဖြစ်သလို အခုနှစ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက်လည်း စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ခွင့်မပေးဘူးလို့ သိရပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) အထွေထွေအတွင်းရေးမှူး ဆရာဆမ်ဆွမ်က “စစ်ဘေးရှောင်ဒုက္ခသည်တွေ ရောက်လာတဲ့အခါမှာ ၉ ပေပတ်လည်တဲနဲ့ ယာယီနေခွင့်ပေးရမှာ ဖြစ်ပေမယ့် တဲဆောက်ခွင့်မပေးတဲ့အတွက် ဘုရားကျောင်းတွေက ဟောခန်းမတွေမှာသာ နေနေကြရတယ်”လို့ ပြောပါတယ်။

ကချင်ဒေသ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့သူတွေ ခိုလှုံနေထိုင်နိုင်ဖို့ ယာယီတဲတွေ တည်ဆောက်ကာ စစ်ဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်နေတာတွေဟာ မြို့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့အတွက် တပ်မတော်က ပိတ်ပင်ထားပေမယ့် လိုအပ်ရင်တော့ ဖွင့်ရမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကတော့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ စစ်ဘေးရှောင်စခန်းကိစ္စတွေ ဆောင်ရွက်ရာမှာ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“တိုက်ပွဲတွေက တပ်က သူ့သဘောနဲ့သူလုပ်နေတာ။ အစိုးရက တပ်နဲ့ညှိနှိုင်းပြီးတော့ လုပ်ရမယ်။ ပြည်သူအကျိုးရှိအောင် လုပ်ကြရလိမ့်မယ်”လို့ ပြောပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013