DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများ နေရပ်လိပ်စာကန့်သတ်မှု ထိုင်းအစိုးရရုပ်သိမ်း
DVB
·
May 7, 2018
ရွှေ့ပြောင်းအလုပ်သမားများ နေရပ်လိပ်စာကန့်သတ်မှု ထိုင်းအစိုးရရုပ်သိမ်း
Donate to DVB

 

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ယခင်က အလုပ်ရှင်လိပ်စာ နဲ့ လုပ်ငန်း တည်ရာနေရာကလွဲလို့ အခြားမှာ နေထိုင်ခွင့်မရှိကြောင်း ဥပဒေပြဋ္ဌာန်း ကန့်သတ်ထားရာမှာ ဒီလဆန်းပိုင်းမှာတော့ အဆိုပါ ပြဋ္ဌာန်းချက်ကို ဖြေလျော့ပေးလိုက်ပြီဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေရပ်လိပ်စာကန့်သတ်မှု ဖြေလျော့ပေးဖို့အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားပြစ်ဒဏ်ဆိုင်ရာ ဥပဒေတချို့ ဖြေလျော့ပေးဖို့ ထိုင်းဝန်ကြီးများအဖွဲ့က အဆိုပြုထားတဲ့အပေါ်  သဘောတူညီမှုရပြီး မေ ၂ ရက်နေ့ နေ့စွဲနဲ့ ပြဋ္ဌာန်းချက်ကို ၀န်ကြီးချုပ် ပရာ ယုတ် ကျန်အိုးချား အတည်ပြုလက်မှတ်ရေးထိုးကာ ထိုင်းအစိုးရပြန်တမ်း (ကေဇက်)မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရားဝင် မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  နိုင်ငံတကာလူ့အခွင့် အရေးစံနှုန်းနဲ့အညီ လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး  မိမိနှစ်သက်ရာ နေရပ်လိပ်စာမှာနေပြီး အလုပ်ရှင်ထံ လာရောက်အလုပ်လုပ်နိုင်မှာဖြစ်သလို အလုပ်ရှင်ရဲ့ ဘယ်လုပ်ငန်းခွင်လိပ်စာ ဖြစ်ဖြစ် လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြောင်း၊ ဒါ့အပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှုအပေါ် ကာကွယ်တဲ့အနေနဲ့ အလုပ်ရှင်မှ မိမိအလုပ်သမားများထံ တစုံတရာ ငွေကြေးကောက်ခံခြင်းမပြုရလို့လည်း ပါရှိပါတယ်။

အရင်က ပြဋ္ဌာန်းခဲ့ဖူးတဲ့ အလုပ်သမားပြစ်ဒဏ်ဆိုင်ရာအက်ဥပဒေ ၁၀၁ အရ  ထိုင်းနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်ပါက ရွှေ့ပြောင်းအလုပ်သမားတဦးကို ထောင်ဒဏ် ၅ နှစ်၊ ငွေဒဏ် ဘတ် ၂ သောင်းမှ ဘတ်သိန်းထိ ချမှတ်ထားတဲ့အပေါ်  ထောင်ဒဏ်ကင်းလွတ်ခွင့် ပြုပြီး ငွေဒဏ်မှာ အနည်းဆုံး ဘတ် ၅ ထောင်မှ အများဆုံး ၅ သောင်းထိသာ ကျခံဖို့ ဖြေလျော့ ပေးလိုက်ပါတယ်။

အလုပ်သမားပြစ်ဒဏ်ဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၀၂ အရ ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်း အလုပ်သမား ၁ ဦး ကို ငှားရမ်းခန့်ထားတဲ့ အလုပ်ရှင်အနေနဲ့ နဂိုက ဒဏ်ငွေ  ၄ သိန်း မှ ၈ သိန်းထိ ကျခံရမယ်လို့ သတ်မှတ်ထားရာက အလုပ်သမား ၁ ဦးလျှင် အနည်းဆုံး ဘတ် ၁ သောင်းမှ အများဆုံး ဘတ် ၁ သိန်းထိသာကျခံဖို့ ဖြေလျော့ပေးလိုက်ပါတယ်။

ဒါပေမယ့်  ပြစ်မှုအဖန်ဖန်ကျူးလွန်သူ အလုပ်ရှင်အနေနဲ့ အလုပ်သမား ၁ ဦးအတွက် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်/ ဘတ် ၅ သောင်းမှ ၂ သိန်းထက်မပိုတဲ့ ငွေဒဏ်ကျခံရမယ့် အပြင် အလုပ်သမား ငှားရမ်းခွင့် ၃ နှစ်တာ ပိတ်ပင်ခြင်းခံရမှာ ဖြစ်ပါတယ်။

မနှစ်က တင်းကျပ်တဲ့ဥပဒေတွေကို ထိုင်းစစ်ကောင်စီအစိုးရက ပုဒ်မ ၄၄ လုပ်ပိုင်ခွင့် အာဏာသုံးပြီး ထုတ်ပြန်ကြေညာခဲ့ရာမှာ သိန်းနဲ့ချီတဲ့ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ နေရပ်မိခင်နိုင်ငံပြန်ကုန်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သမားပြတ်လပ်မှု ပြဿနာရှိခဲ့ပြီး ထုတ်ကုန်လုပ်ငန်းအသီးသီးမှ ဘတ်သန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

( ကိုးကား - thaipost / workpoint news )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013