
မန္တလေးမြို့ ကျုံးဘေးမှာ ပြည်သူ့ရင်ပြင်ကို တည်ဆောက်ပြီးစီးလို့ အနုပညာဖော်ထုတ် ပြသနိုင်ဖို့နဲ့ ကုန်ပစ္စည်းတွေ မိတ်ဆက် အရောင်းမြှင့်တင်နိုင်တော့မယ်လို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
ကျုံးတောင်ဘက် ၂၆ လမ်း၊ ၆၆ လမ်းကနေ ၇၈ လမ်းထိ ပန်းချီ၊ ဓာတ်ပုံ အနုပညာပြပွဲတွေ တူရိယာတွေ တီးမှုတ်သီဆိုတဲ့ လက်စွမ်းပြဖျော်ဖြေပွဲတွေကို ကြိုတင်ခွင့်ပြုချက်ရယူတောင်းခံပြီး အနှောင့်အယှက်မရှိ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
စည်းပင်ကော်မတီဝင်တဦးက “အနုပညာလက်ရာပွဲကို အခမဲ့ဆောင်ရွက်ခွင့်ပြုတာ ပထမဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့ရင်ပြင်ကို အသုံးပြုပြီး အလှူခံတာ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအတွက် ဦးတည်တဲ့ မိတ်ဆက်ပွဲတွေကို လက်ခံပေးမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
ကျုံးဘေး ပြည်သူ့ရင်ပြင်မှာ မသန်စွမ်းသူတွေအတွက် wheel chair တွေ တက်နိုင်ဆင်းနိုင်အောင် ပြုလုပ်ထားပေမယ့် စကိတ်စီးတာနဲ့ ဆိုင်ကယ်မောင်းနှင်တာကို ကန့်သတ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒါအပြင် ကျုံးတောင်ဘက်မှာ မသန်စွမ်းသူတွေပါ ၀င်ရောက်နိုင်မယ့် အအေးခန်းပါတဲ့ အများသုံးအိမ်သာတွေကိုလည်း ပထမဆုံးအဖြစ် တည်ဆောက်နေတာဖြစ်လို့ ဒီနှစ် ဇွန်လကုန်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-တာရာ











