
ဘီဟာပြည်နယ်ဟာ အိန္ဒိယမှာ အဆင်းရဲဆုံးပြည်နယ်တခု ဖြစ်ပြီး၊ အဲဒီက လူတွေရဲ့ တဦးချင်း ၀င်ငွေက အိန္ဒိယမြို့တော် နယူးဒေလီက လူတဦးချင်းဝင်ငွေရဲ့ ၇ ပုံ ၁ ပုံပဲ ရှိပါတယ်။ ဘီဟာပြည်နယ်ဟာ လူဦးရေထူထပ်မှုအများဆုံးဖြစ်သလို၊ စာမတတ်သူ အများဆုံးလည်း ဖြစ်ပါတယ်။ စာမတတ်သူ အများစုက အမျိုးသမီးတွေပါ။ မိန်းကလေး အများစုက ကျောင်းတက်ခွင့် မရတာကြောင့် စာမတတ်မြောက်ပါဘူး။ အိန္ဒိယမှာ ဆင်းရဲတဲ့မိဘတွေက သားတွေရဲ့ ပညာရေးကိုသာ ဦးစားပေးပြီး၊ သမီးတွေရဲ့ ပညာရေးကို လျစ်လျူရှုလေ့ရှိပါတယ်။
စာမတတ်မှုကြောင့် အမျိုးသမီးတွေရဲ့ ဘ၀အခွင့်အလမ်းတွေ အကန့်အသတ်ဖြစ်နေပြီး ဆင်းရဲမွဲတေမှုလည်း ရေရှည် ဖြစ်ပွားနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၅ နှစ်ကစပြီး ပြည်နယ်အစိုးရက မိန်းကလေးတွေ ကျောင်းတက်နိုင်အောင် စက်ဘီးတွေ ထုတ်ပေးပြီး ဖြေရှင်းခဲ့ပါတယ်။
အဲဒီ အစီအစဉ်အောင်မြင်တာကြောင့် အခု အခြားပြည်နယ်တွေကပါ အတုယူပြီး မိန်းကလေးတွေ ကျောင်းတက်ဖို့ စက်ဘီးတွေ ထုတ်ပေးပါတယ်။ စက်ဘီးကြောင့် မိန်းကလေးတွေရဲ့ ဘ၀ အပြောင်းအလဲဖြစ်ရပုံကို ဘီဟာပြည်နယ်ကို သွားခဲ့တဲ့ ‘ရှိုက် အဇီဇာ ရာမန်’ (Shaikh Azizur Rahman) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။











