DVB Logo
Home
Lead Story
ရဲဘော်လှတင်အောင် (၄)
DVB
·
May 7, 2018
ရဲဘော်လှတင်အောင် (၄)
Donate to DVB

ဤသို့ဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးကို အာဏာသိမ်းခြင်း၊ လူသတ်ပွဲကြီးများ ကျင်းပခြင်းဖြင့် အဆုံးသတ်လိုက်ကြပါသည်။ ဒီမိုကရေစီ တိုက်ပွဲဝင်သူများကလည်း ရှောင်သူရှောင်၊ တိမ်းသူတိမ်းဖြင့် ဖြိုခွဲခံလိုက်ရသည်။ အာဏာသိမ်းစစ်ကောင်စီကို ဗိုလ်ချုပ်ကြီးစောမောင်က ဦးဆောင်ပြီး ပါတီစုံရွေးကောက်ပွဲကြီး ကျင်းပပေးမည်ဆိုသော ချွေးသိပ်စကားဖြင့် တိုက်ပွဲကြီးကို ရပ်တန့်ခဲ့လေသည်။ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌမှာ ဗိုလ်စောမောင် ဖြစ်သလို ဒုဥက္ကဋ္ဌမှာ ဗိုလ်သန်းရွှေ ဖြစ်လာလေသည်။ ပါတီများကိုလည်း တည်ထောင်ခွင့်ပေးခဲ့လေသည်။ ၁၉၆၂ ကတည်းက နိုင်ငံရေးပါတီကို ကြားသာ ကြားဖူးသော မျိုးဆက်များမှာ နိုင်ငံရေးပါတီများ ထောင်လာကြလေသည်။ ထိုအချိန်တွင် ကျနော်တို့လည်း ပြည်သူ့တိုးတက်ရေးပါတီထဲ ပါလာကြ၏။ မပါသူများက အပြင်မှ ကူညီကြလေသည်။ ထိုသို့ ပါတီများ ထူထောင်ခြင်းနှင့်အတူ မကြာခင် ပါတီအတော်များများကို ဖျက်သိမ်းပစ်ခဲ့၏။ ထိုထဲတွင် ပြည်သူ့တိုးတက်ရေးပါတီတို့၊ လူ့ဘောင်သစ်ပါတီတို့ ထိပ်ဆုံးမှ ပါသွားသလို ထိုပါတီမှ ခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင်များလည်း အဖမ်းခံခဲ့ရလေသည်။ အဖမ်းခံရသော နိုင်ငံရေးခေါင်းဆောင်များ၊ အထူးသဖြင့် လက်ဝဲခေါင်းဆောင်များမှာ ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုဒဏ်၊ ဆေးဝါးမလုံလောက်မှုဒဏ်တို့ကြောင့် အသက်ပေးခဲ့ရ၏။ ဦးညိုဝင်း၊ ဦးစိုးဝင်း၊ ဦးစိန်ဝင်း၊ ဦးတင်မောင်ဝင်း စသော လက်ဝဲခေါင်းဆောင်များမှာ ထောင်ထဲတွင် စတေးသွားရသည်။ အပြင်တွင် ကောလာဟလ ပြန့်နေသည်မှာ နိုင်ငံရေးသမား ဝင်း ၄ ဝင်းကို ဗိုလ်နေဝင်းက ယတြာချေသည့်သဘောဖြင့် သေအောင် ဖန်တီးသည်ဟု သတင်းထွက်လာလေသည်။ ဦးတင်ရွှေတို့၊ ဗိုလ်မှူးဘသော်တို့ စသော အဖွဲ့ချုပ်မှ ခေါင်းဆောင်အတော်များများလည်း တယောက်ပြီးတယောက် သေဆုံးကုန်ကြပါသည်။ ထောင်ထဲတွင် အဆိုးဝါးဆုံးနှင့် အများဆုံးသေသော ကာလဟု ဆိုရပါလိမ့်မည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက အနိုင်ရသူကို အစိုးရဖွဲ့ခွင့်မပေးခဲ့ဘဲ အနိုင်ရသူများကိုသာ ဖမ်းဆီးပြီး ထောင်ထဲထည့်ခဲ့သဖြင့် တိုင်းပြည်သည် စစ်အာဏာရှင်စနစ်အောက်၌ ဆက်လက်၍ အဖိနှိပ်ခံခဲ့ရလေသည်။ ပြည်သူ့တိုးတက်ရေးပါတီမှ ဗဟိုကော်မတီအားလုံး၊ အထက်ဗမာနိုင်ငံ ဗဟိုကော်မတီခွဲ အားလုံး အဖမ်းခံကြရပါသည်။ တချို့မှာလည်း ရှောင်တိမ်းကြရသည်။ ဦးခင်မောင်မြင့်နှင့် ကိုလှရွှေတို့သည် အစောဆုံး အဖမ်းခံရသည့်ထဲတွင် ပါ၏။ အဖမ်းခံရသူ နိုင်ငံရေးသမား အတော်များများ တဖြုတ်ဖြုတ် ကျဆုံးခဲ့ရသလို ဦးခင်မောင်မြင့်မှာ ကျွန်းမပို့ခင်ကတည်းက တီဘီရောဂါဖြစ်ခဲ့ရာ အမြစ်မပြတ်သေးဟန်ရ၏။ ယခုလည်း အဆုတ်ကင်ဆာလား၊ တီဘီရောဂါလား မသိ။ အလွန်ဝေဒနာခံစားနေရပြီး ထောင်ဆေးရုံလောက်နှင့် မရတော့။ အင်းစိန်ဆေးရုံသို့ ပို့ရလေသည်။ ထိုစဉ်က သူ့ဇနီး ဒေါ်တင်တင် အသက်ရှင်နေပါသေး၏။ သူ့သား ကိုကိုလွင်က အစစအရာရာ လိုက်လုပ်ပေးသည်။ အင်းစိန်ဆေးရုံသို့ ရောက်သောအခါ ကိုလှတင်အောင်ကို မှာလိုက်သောကြောင့် ဦးခင်မောင်မြင့်၏ ညီအဖြစ် သွားတွေ့ခဲ့လေသည်။ နောက်နေ့တွင် ကိုလှတင်အောင် ကျနော့်ဆီ ရောက်လာပါသည်။ ထိုအချိန်က ကျနော်လည်း တီဘီရောဂါကို ခံစားနေရပြီး နေ့စဉ်ဆေးထိုး၊ ဆေးသောက်နေရချိန် ဖြစ်၏။ ကိုလှတင်အောင်က-

“မနေ့က အင်းစိန်ဆေးရုံဂတ်ဝဒ် Guard Word မှာ ဦးခင်မောင်မြင့်ဆီ ငါ သွားတွေ့တယ်ကွ။ မင်းကိုလည်း မှာတာပဲ။ ဒါပေမယ့် ငါ အရင်သွားမယ်ဆိုပြီး မင်းကို မခေါ်တာ။ သူ့အခြေအနေကတော့ အသက်ပြန်ရှင်ဖို့ အနေအထား မရှိသလောက် ဖြစ်နေပြီလို့ ပြောတယ်။ ကြည့်ရတာတော့ မကြာခင်မှာ ကျမယ်လို့ ထင်တယ်။ သူက မှာလိုက်တာကတော့ အပြင်ကျန်တဲ့သူတွေထဲမှာ မင်း တာဝန်အရှိဆုံးလို့ ပြောတယ်။ ဒါကြောင့် သူ ကျတဲ့အခါ သူ့အလောင်းပေါ် အလံလွှမ်းပေးဖို့ မင်းကို တာဝန်ပေးလိုက်တယ်လို့ ပြောတယ်။ ငါက ညီဆိုပြီး သွားတွေ့တော့ အမေးအမြန်း သိပ်မရှိဘူး”။

“အေး၊ အလံလွှမ်းဆိုရင် ငါက လွှမ်းရမှာပဲ။ ဒါက တာဝန်ပဲလေ။ ဒါပေမယ့် ငါ မရှင်းတာက ပြည်သူ့တိုးတက်ရေးပါတီအလံ လွှမ်းရမှာလား။ ကွန်မြူနစ်ပါတီအလံ လွှမ်းရမှာလား။ အဲဒါကိုတော့ သေချာဖို့ လိုလိမ့်မယ်ထင်တယ်။ ပီကျုအလံဆိုရင်တော့ ငါ့မှာ အသင့်ရှိတယ်။ ဒါပေမယ့် ကွန်မြူနစ်ပါတီအလံဆိုရင်တော့ သက်သက်လုပ်ရမှာပဲ။”

ဟု ကျနော်က ပြန်ဖြေသောအခါ ကိုလှတင်အောင်ကလည်း-

“အေး၊ မနက်ဖြန် ငါထပ်သွားဦးမှာ။ အစားအသောက်ကတော့ ဘာမှ မစားနိုင်တော့ပါဘူးကွာ။ စွပ်ပြုတ်လေး ဘာလေးပဲ သောက်နိုင်တော့တယ်။ အဲဒီကျမှပဲ ငါ အသေးစိတ်မေးခဲ့မယ်လေ။ သူ့ဆီက သတင်းရတာနဲ့ မင်းနဲ့ ထပ်တွေ့ဦးမယ်။”

သူနှင့်ကျနော် တွေ့သောအခါတွင် ပြည်သူ့တိုးတက်ရေးပါတီအလံ လွှမ်းဖို့ မှာလိုက်သည့်အကြောင်း ကျနော့်ကို ပြောပြ၏။ ထို ဦးခင်မောင်မြင့် မှာကြားချက်ကို ပြောပြရာတွင် သူ့သဘောထားကိုလည်း ကျနော့်ကို ရှင်းပြပါသည်။

“ငါကတော့ မင်းကို မဖြစ်ဖြစ်အောင် လုပ်ပါဆိုပြီးတော့ မတိုက်တွန်းချင်ဘူး။ မင်း ကျန်းမာရေးက နောက်တကြိမ် ထောင်ထဲထပ်ဝင်ရင် သေမှာပဲ။ မလုပ်ပြန်ရင်လည်း ဒီစီ ချိုးဖောက်ရာ ကျမယ်။ အဲဒါတော့ မင်းဘာသာမင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဖို့လိုတယ်။ ငါကတော့ အဖြစ်မှန်ကို မင်းဆီ အကြောင်းကြားရတာပဲ။”

“ငါကလည်း မဖြစ်ဖြစ်အောင် လုပ်ရမှာ။ ဒါက ညွှန်ကြားချက်လည်း ဖြစ်တယ်။ ဗဟိုဥက္ကဋ္ဌရဲ့ အမိန့်လည်း ဖြစ်တယ်။ ဒါပေမယ့် ငါစဉ်းစားနေတာက အလံကို မှန်ခေါင်းထဲကနေ မီးသဂြုင်္ိဟ်ဖို့ သစ်သားခေါင်းထဲ ပြောင်းချိန်မှာ လွှမ်းမလား။ မီးသဂြုင်္ိဟ်စက်ထဲ မသွင်းခင်မှာ လွှမ်းမလားဆိုတာပဲ စဉ်းစားနေတာ။ ဘာကြောင့်လဲဆိုတော့ မှန်ခေါင်းထဲကနေ ပြောင်းတဲ့အချိန်လွှမ်းရင် အမ်အိုင်က အလံကို ဖယ်ပစ်ဖို့ အချိန်ရမယ်။ မီးသဂြုင်္ိဟ်ခါနီး လွှမ်းရင်တော့ သူတို့လည်း အချိန်မရဘူး။ အလံပတ်ပြီးသားအလောင်းကို မီးသဂြုင်္ိဟ်စက်ထဲ ထည့်ရုံပဲ။ သူ့အလိုဆန္ဒလည်း ပြည့်တာပေါ့ကွာ။”

“အေး အေး၊ သေချာတာကတော့ မင်း အလံလွှမ်းတာနဲ့ မင်းကိုဖမ်းမှာ သေချာတယ်။ အဲဒီအတွက် သံသယဖြစ်မနေနဲ့။ ဒါကြောင့် စဉ်းစားလို့ ပြောတာ။ အခု မင်းရဲ့ လက်ရှိ အခြေအနေကလည်း ဖမ်းပြီး စစ်ကြောရေးရောက်ကတည်းက မင်းရောဂါကို ဘယ်သူမှ ကုပေးမှာ မဟုတ်ဘူး။ ဆေးလည်း မှန်မှန်ထိုးပေးမှာ မဟုတ်ဘူး။ အခုနေ မင်း ပါတာနဲ့ ထောင်ထဲမှာ သေမှာ သေချာတယ်။”

ဟု သူက သူ့သဘောထားကို ခပ်ရှင်းရှင်းပင် ပြောပြပါသည်။ သူ ပြောသည်မှာလည်း မှန်ပါသည်။ သူက ရဲဘော်တယောက်၊ သေဖော်ရှင်ဖက်တယောက်၊ ခင်မင်ရင်းနှီးသူ တယောက်အဖြစ် ကျနော့်ကို ပြောပြသော်လည်း ကျနော့်မှာ ဆုံးဖြတ်ချက်အတိုင်း ကျနော့်ကို မှာခဲ့သော အမှာအတိုင်း မဖြစ်မနေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။ ထိုကဲ့သို့ ဦးခင်မောင်မြင့် အင်းစိန် ဆေးရုံထွက်တုန်း ကိုလှတင်အောင် သွားရောက် တွေ့ဆုံပြီးသည့်နောက် နောက်နှစ်ပတ်ခန့်အကြာတွင် ဦးခင်မောင်မြင့် ထောင်ထဲ၌ ကျဆုံးသွားခဲ့ပါတော့သည်။ မိသားစုက အပြင်တွင် သဂြုင်္ိဟ်ခွင့် တောင်းဆိုသဖြင့် သူ့အလောင်းကို ကြံတောသင်္ချိုင်းတွင် သဂြုင်္ိဟ်ခွင့် ရရှိခဲ့သည်။

အသုဘချသည့်နေ့က သင်္ချိုင်းတခုလုံး စစ်ထောက်လှမ်းရေးဖြင့် ပြည့်နေသည်။ မိသားစုနှင့် အသုဘပို့ရဲသော မိတ်ဆွေအပေါင်းအသင်း ရဲဘော်များလည်း လိုက်ပို့ကြသည်။ ကျနော်တို့လည်း ရောက်ရှိသွား၏။ ကျနော်က ပြည်သူ့တိုးတက်ရေးအလံကို ခေါက်၍ ရှပ်အင်္ကျီအတွင်း၌ ထည့်ထား၏။ အခြေအနေပေးလျှင် ချက်ချင်း အလံလွှမ်းနိုင်အောင်လည်း ပြင်ဆင်ထားသည်။ အလောင်းပြင်ထားသောအနားတွင် စစ်ထောက်လှမ်းရေးများနှင့်အတူ ကျနော်လည်း ဟိုလျှောက် ဒီလျှောက် လုပ်နေ၏။ ကိုလှတင်အောင်လည်း ရှိပါသည်။ သဂြုင်္ိဟ်တော့မည့်အချိန် ရောက်လာသည့်အခါတွင် အလောင်းကို မှန်ခေါင်းထဲမှနေ သစ်သားခေါင်းထဲသို့ သင်္ချိုင်းအလုပ်သမားများက မ ပြီး ထည့်လိုက်ကြ၏။ အနီးအနားတွင် မယောင်မလည် ရပ်နေရာမှနေ ဦးခင်မောင်မြင့်၏ သားဖြစ်သူ ကိုကိုလွင်သည် သူ့ရင်ဘတ်ထဲ ထည့်ယူလာသော ပြည်သူ့တိုးတက်ရေးပါတီ အလံကို ရုတ်တရက် ဖြန့်ချကာ သူ့အဖေအလောင်းကို ပတ်လိုက်ပါတော့သည်။ ထိုပတ်လိုက်သောအလောင်းကို ကိုကိုလွင်ရော သင်္ချိုင်းအလုပ်သမားများကပါ ပွေ့လိုက်ပြီး သစ်သားအခေါင်းထဲ ထည့်လိုက်ပါသည်။ ကျနော်လည်း ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိ၏။ အခေါင်းကို မီးသဂြုင်္ိဟ်စက်ရှိရာသို့ သယ်ဆောင်ရာ လက်တွန်းလှည်းပေါ် တင်လိုက်သည့်အခါတွင် ပန်းခွေပန်းခြင်း သယ်သူများရော၊ သူ့ဇနီး ဒေါ်တင်တင်၊ သား ကိုကိုလွင်နှင့် တခြားဆွေမျိုးသားချင်းများ လှည်းနောက်တွင် လျှောက်လာပြီး ကျနော်တို့လည်း နောက်မှ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013