
တိုင်းပြည်ရဲ့အနာဂတ်အတွက် ပဋိပက္ခတွေကို သေနတ်နဲ့ မဖြေရှင်းဘဲ ပါးစပ်နဲ့ ဖြေရှင်းနိုင်တဲ့ အမွေခံကောင်းတွေ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ချမှတ်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက တိုက်တွန်းပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံမှာ မေလ ၅ ရက်က ကျင်းပတဲ့ မွန်လူမျိုး အလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက ပြောဆိုလိုက်တာပါ။
ခွန်မြင့်ထွန်းက “မိသားစုအတွင်းမှာ ဖြစ်ပွားတဲ့ပြဿနာကို မိသားစုစိတ်ဓာတ်နဲ့ ဖြေရှင်းသွားကြရမှာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းရေးဖြစ်စဉ်ဆိုတာ ဖြစ်လာဦးမယ့် ပြဿနာတွေနဲ့ ပဋိပက္ခတွေကို သေနတ်မကိုင်(လက်နက်မကိုင်)ဘဲငြိမ်းချမ်းစွာ မိသားစုစိတ်ဓာတ်နဲ့ ဖြေရှင်းတာဟာ ငြိမ်းချမ်းခြင်း အစစ်အမှန်လို့ နားလည်ထားပါတယ်"လို့ပြောပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေ ဦးဆောင်ကျင်းပတဲ့ မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေ ၅ ရက်မှ ၇ ရက်အထိ ၃ ရက်တိုင် ကျင်းပတာပါ။
အဆိုပါမွန်လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကဏ္ဍကြီး ၄ ရပ်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအ၀င် မြေယာနှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေးနဲ့ ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနေကြတာပါ။
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အာမခံချက် အပြည့်အ၀ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ရည်ရွယ်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ လိုလားချက် သဘောထားဆန္ဒတွေကို အခြေခံပြီး ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက အမြင်သဘောထားတွေကို စုစည်းကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တင်သွင်းသွားဖို့ရှိနေပါတယ်။
သတင်း - ယူမင်းစိုး











