
ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေးအတွက် ဗကသအဖွဲ့ချုပ်နဲ့ လူဘောင်သစ်လူငယ်တွေ ပူးပေါင်းပြီး လှုပ်ရှားမှုတခု ရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို ညနေလေးနာရီကစတင်ပြီး ရန်ကုန်မြို့ မော်တင်မှတ်တိုင်ကနေ မဟာဗန္ဓုလပန်းခြံထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး တပ်မတော်အနေနဲ့ ထိုးစစ်များရပ်တန့်ရေး၊ ပိတ်မိနေသူတွေ ကယ်ထုတ်ရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
မေ ၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ဒေသခံ ၃၀၀၀ ကျော်က ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာလည်း ဆက်တိုက်တောင်းဆိုနေကြတာပါ။










