DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ခွင့်ပြု၍ တိုက်ပွဲတွင်း ပိတ်မိပြည်သူ ၁၃၀ ကျော်ကို ကယ်ထုတ်
DVB
·
May 6, 2018
တပ်မတော်က ခွင့်ပြု၍ တိုက်ပွဲတွင်း ပိတ်မိပြည်သူ ၁၃၀ ကျော်ကို ကယ်ထုတ်
Donate to DVB

ကချင်ဒေသအတွင်း တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့  မံဝယ်ကျေးရွာမှာ ပိတ်မိနေတဲ့ ပြည်သူ ၁၃၄ ဦးကို ကယ်ထုတ်ပေးဖို့ တပ်မတော်က သဘောတူလိုက်တဲ့အတွက် အစိုးရက ဦးဆောင်ပြီး ဒီနေ့ စတင်ကယ်ထုတ်ပေးနေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က ဒီဗွီဘီကိုပြောပါတယ်။
“အစိုးရဲ့ ဦးဆောင်မှုနဲ့ ဒီနေ့သွားကယ်ထုတ်တာပါ။ စာရင်းအရတော့ ၁၃၆ ယောက်ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးက မပြန်ချင်ဘူးပြောလို့ ၁၃၄ ယောက်ကို ကယ်ထုတ်ပေးနေတာပါ။ သူတို့ကို အင်းတော်ကြီးမှာ ခဏထားထားပါ့မယ်။ ပြီးမှ ကာမိုင်းမြို့ကိုပို့ပါ့မယ်။ သူတို့ဘယ်ရွာကို ပြန်မယ်ဆိုတာ အစိုးရကိုလည်း စာရင်းပေးထားပါတယ်” လို့ ဒုဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ မံဝယ်ကျေးရွာမှာ ပိတ်မိနေတဲ့ပြည်သူတွေအပြင် အင်ဂျန်းယန်မြို့နယ်က ကျေးရွာတချို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း သွားရောက်ကယ်ထုတ်ဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။
“တနိုင်းမှာ ပိတ်မိနေတဲ့သူတွေအတွက်ကတော့ နောက်ပိုင်းထပ်စဉ်းစားပါ့မယ်။ အခုလောလောဆယ်တော့ ကာမိုင်းနဲ့ အင်ဂျန်းယန်ကို ဦးစားပေးဆောင်ရွက်နေပါတယ်”လို့ ဒုဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။
မံဝယ်ကျေးရွာက ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ မေ ၄ ရက်က ပြည်နယ်အစိုးရရဲ့ ခွင်ပြုချက်နဲ့ သွားရောက်ခဲ့ပေမယ့် တပ်မတော်ဘက်က ပိတ်ပင်ခဲ့တာကြောင့် ကယ်ဆယ်ရေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း မြစ်ကြီးနားမြို့ကို မေ ၅ ရက်ကတည်းက ရောက်ရှိနေပြီး ဒီနေ့မှာတော့ မြစ်ကြီးနားမြို့နဲ့ နမ္မတီးမြို့က စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးကတော့ မံဝယ်ကျေးရွာက ပိတ်မိပြည်သူတွေကို ကယ်ထုတ်ပေးဖို့ ကချင်လူငယ်တွေက သူ့ကိုတောင်းဆိုထားတယ်လို့ဆိုပြီး မြေပြင်အခြေအနေကို သိရဖို့အတွက်နဲ့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပေးဖို့ လာရောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“လူငယ်တွေတောင်းဆိုထားတဲ့ မံဝယ်ကျေးရွာက ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ တပ်မတော်ဘက်က ကူညီမယ်လို့ အဖြေပေးပြီးပါပြီ။ လူငယ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ လူငယ်တွေက ကျန်ခဲ့တဲ့သူတွေကို လုံခြုံတဲ့နေရာ ရောက်စေချင်တာကိုပဲ တောင်းဆိုတာပါလို့ပြောတယ်။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရလည်း သိပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် မြေပြင်အခြေအနေကိုသိဖို့လိုပါတယ်။ အဲဒါကြောင့် အခုလိုလာဖြစ်တာလည်း ဖြစ်ပါတယ်” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားမြို့မှာ ကချင်လူငယ်ထုတွေက သပိတ်စခန်းကို ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကြောင့် သပိတ်စခန်းရုပ်သိမ်းမယ့်ကိစ္စကိုတော့ မသိရှိရသေးပါဘူး။

ဒါ့အပြင် ကချင်ဒေသအတွင်း ပိတ်မိပြည်သူကလည်း ၂ ထောင်ကျော်နီးပါး ကျန်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013