DVB Logo
Home
မြန်မာသတင်း
တပ်က ခွင့်မပြု၍ ပိတ်မိပြည်သူများကို ကယ်တင်ရန်သွားသည့်အဖွဲ့ ပြန်လာ
DVB
·
May 5, 2018
တပ်က ခွင့်မပြု၍ ပိတ်မိပြည်သူများကို ကယ်တင်ရန်သွားသည့်အဖွဲ့ ပြန်လာ
Donate to DVB

ဖားကန့်မြို့နယ် ကာမိုင်းမြို့ မန်ဝယ်ကျေးရွာက တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ အစိုးရဘက်က သဘောတူခဲ့ပေမယ့်လည်း တပ်မတော်ဘက်က ပိတ်ပင်ခဲ့တာကြောင့် အစီအစဉ်ကို ဖျက်သိမ်းပြီး ပြန်လာခဲ့ရပါတယ်။

ကချင်ပြည်နယ်အစိုးရ၊ ကချင်လူငယ်ထုသပိတ်စခန်း ဦးဆောင်ကော်မတီ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (ပီစီဂျီ) တို့အကြား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပါ။
ကေဘီစီရဲ့ ဦးဆောင်မှုနဲ့အတူ လူမှုရေးအဖွဲ့အစည်းတချို့က ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် လီဒိုလမ်းမပေါ်က မရန်းကထောင်းဂိတ်အရောက်မှာတော့ တိုင်းမှူးက ဒုစကခမှူးက တဆင့် ပိတ်မိပြည်သူတွေကို ခေါ်ဆောင်ခွင့်မပြုနိုင်ဘူးလို့ ကေဘီစီကို အကြောင်းကြားခဲ့ပါတယ်။
ပီစီဂျီရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာက တိုင်းမှူးအနေနဲ့ ပိတ်မိပြည်သူတွေကို စားနပ်ရိက္ခာပေးဖို့အတွက်သာ ခွင့်ပြုပေးနိုင်ကြောင်းနဲ့ မံဝန်ကျေးရွာကနေ ခေါ်ဆောင်သွားခွင့် မပေးနိုင်ဘူးဆိုတာကို ဒုစကခမှူးက တဆင့် ပြောခိုင်းတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပြန်လာနေပါပြီ။ သွားတဲ့ အဖွဲ့က လူ ၅၀ ကျော်ပါပါတယ်။ အစိုးရဘက်ကလည်း ပါတယ်။ သူကတော့ ပိတ်မိနေသူတွေကို စာရင်းယူဖို့ ကျန်ခဲ့တယ်။ ရိက္ခာပေးလို့ရတယ် ဆိုပေမယ့် ကျနော်တို့က သူတို့ကို သွားခေါ်တာလေ။ ရိက္ခာမှ မပါတာ။ သူတို့နဲ့ ဖုန်းအဆက်အသွယ်ရတယ်။ သူတို့မှာ အခက်အခဲတွေ ဖြစ်နေပြီ    ဆိုတာ ပြောကြတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ ကာမိုင်းကနေ ပိတ်မိနေသူတွေဆီကို စက်လှေနဲ့ သွားဖို့ အတွက်ဆိုရင် သုံးနာရီလောက်ကြာမယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာတော့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရထံမှ ညွှန်ကြားချက်ကို တောင်းခံထားပြီး အဲဒီညွှန်ကြားချက်အရ ခွင့်ပြုမှသာ ပိတ်မိပြည်သူတွေကို ကယ်ထုတ်ပေးနိုင်မယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ ပြည်သူတွေကို သွားရောက်ကယ်ထုတ်ခေါ်ဆောင်ပေးမယ့် ကေဘီစီဦးဆောင်တဲ့အဖွဲ့အနေနဲ့ တပ်မတော်ရဲ့ ပိတ်ပင်မှုကြောင့် မနေ့ညက ကာမိုင်းမြို့နယ် ကထန်ရွာမှာ ညအိပ်ခဲ့ရပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တို့ ညပိုင်းမှာ ဆွေးနွေးခဲ့ကြရာမှာ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မန်ဝယ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်အရေအတွက် အသေးစိတ်နဲ့ ရွာကထွက်လိုသူ အရေအတွက်ကို သွားရောက်ရေတွက်ပြီး အစိုးရကို ပြန်လည်တင်ပြပေးပြီးမှသာ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်စေလိုကြောင်း ၀န်ကြီးချုပ်က ပြောခဲ့တယ်လို့ ကေဘီစီတာဝန်ရှိသူက ပြောပါတယ်။
“လူသုံးယောက်ပဲ သွားခွင့်ပေးမယ်။ ပြီးတော့ စာရင်းကောက်ခိုင်းတယ်။ ကျနော်တို့မှာ စာရင်းက ရှိပြီးသားပါ။ ၀န်ကြီးချုပ်နောက်ဆုံးပြောတာကတော့ တပ်နယ်မြေဖြစ်နေတဲ့အတွက် သူ့အနေနဲ့ ဘာမှမတတ်နိုင်ဘူးဆိုတာပဲ။” လို့ ကေဘီစီရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဆမ်ဆွမ်က ဒီဗွီဘီကို ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ သွားရောက်မယ့် မန်ဝယ်ရွာ (လိုင်းနောင်းခူးဒေသ) မှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၆၀ ကျော်ရှိနေပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၃၀၀၀ နီးပါး ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013