DVB Logo
Home
မြန်မာသတင်း
ပိတ်မိဒုက္ခသည်များကို တပ်မတော်က စားနပ်ရိက္ခာပေးခွင့်ပြု (ရုပ်သံ)
DVB
·
May 4, 2018
ပိတ်မိဒုက္ခသည်များကို တပ်မတော်က စားနပ်ရိက္ခာပေးခွင့်ပြု   (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ မန်ဝိုင်၊ လိုင်နောင်ခူး ကျေးရွာမှာ တိုက်ပွဲကြား ပိတ်မိနေသူတွေအား ကယ်ထုတ်ဖို့ သွားတဲ့အဖွဲ့တွေကို တပ်မတော်က စားနပ်ရိက္ခာသာ ပေးခွင့်ပြုတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူ ၁၆၀ ကျော်ကို သွားရောက်ကယ်ထုတ်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုခဲ့တာကြောင့် မြစ်ကြီးနားမြို့နယ်ကနေ ဒီကနေ့ နေ့လယ်ပိုင်းက ကာမိုင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နဲ့ လူငယ်သပိတ်စခန်းကော်မတီမှ တာဝန်ခံအချို့ထွက်ခွာခဲ့ပါတယ်။

မြစ်ကြီးနားကနေ ကာမိုင်းကိုသွားတဲ့လမ်း မရန်ကထောင်ဂိတ်မှာ တပ်မတော်က ပိတ်ပင် တားမြစ်ခြင်းကိုခံခဲ့ရပြီး ၁ နာရီလောက်ဆွေးနွေးရာ လွှတ်ပေးခဲ့ပါတယ်။

အခု ကာမိုင်းမြို့ အဲဒီအဖွဲ့က ရောက်ရှိနေပြီဖြစ်မယ့် ပိတ်မိရွာသားတွေကို စစ်တပ်က ကယ်ထုတ်ခွင့်မပေးဘဲတွေ့ဆုံပြီး အစာအသောက်တွေကိုသာ ကူညီဖို့ပြောတယ်လို့ ခရီးစဉ်မှာ လိုက်ပါသတင်းယူနေတဲ့ သတင်းထောက် ထွယ်အောင်က ပြောပါတယ်။

“အခုကားမိုင်းကိုရောက်နေတယ်။ ကာမိုင်း အုပ်ချုပ်ရေးမှူးရုံးကိုရောက်တော့ စစ်တပ်က လူကိုတော့ မကယ်ခိုင်းဘူး။ သွားတော့သွားတွေ့ပါ။ စားနပ်ရိက္ခာကိုတော့ ပို့လို့ရတယ်။ အဲလိုပြောတယ်ဗျာ။ အခုပြန်လည်ဆွေးနွေးနေတယ်ဗျာ။ အခုဘာသာရေးခေါင်းဆောင်တွေ NRPC နေပြည်တော်ကိုလည်း ဆက်သွယ်ပြီးတော့ ဆွေးနွေးနေတယ်ဗျာ။”

ဧပြီ ၁၁ ရက်ကနေ ၂၈ ရက်အထိ မြန်မာတပ်မတော်က ကေအိုင်အေကို ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ကာမိုင်းမြို့နယ် မန်ဝိုင်၊ လိုင်နောင်ခူးကျေးရွာ၊ နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာ၊ အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ် ဇန်နောင်ယန် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ တောထဲ ပိတ်မိနေဆဲဖြစ်ပါတယ်။

ပိတ်မိပြည်သူတွေကို လွတ်မြောက်ဖို့ မြစ်ကြီးနားမှာ ဧပြီလ ၃၀ ရက်နေ့က ကချင်လူထု ထောင်ချီဆန္ဒပြခဲ့သလို ကချင်လူငယ်တွေကလည်း မေလ ၁ ရက်နေ့ကစပြီး သပိတ်စခန်း ဖွင့်ဆန္ဒပြခဲ့ပါတယ်။

မနေ့မေလ ၃ ရက်နေ့ညမှာတော့ ဒီကိစ္စ ၀န်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ အစိုးရအဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ကာမိုင်းမြို့နယ် ပိတ်မိနေတဲ့ ပြည်သူ ၁၆၀ ကျော်ကို သွားရောက်ကယ်ထုတ်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ဓာတ်ပုံ-ထွယ်အောင်

အုပ်ချုပ်ရေးမှူးရုံးတွင် ဆွေးနွေးခဲ့သည့်ရုပ်သံ အပြည့်အစုံ ကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013