DVB Logo
Home
မြန်မာသတင်း
အိပ်မက်တွေရဲ့  လက်တကမ်းအလို
DVB
·
May 4, 2018
အိပ်မက်တွေရဲ့  လက်တကမ်းအလို
1 / 3
Donate to DVB

ဆယ်စုနှစ်တခုကြာ အကျဉ်းကျခံခဲ့ရသူ တယောက်အတွက်ကတော့ ဒီစိတ်ကူးဟာ အိမ်မက်တခုပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီစိတ်ကူးအိမ်မက်တွေဟာ လက်တွေ့ဘဝထဲ ရောက်ဖို့ လက်တကမ်းအလိုမှာ ရှိနေပါပြီ။

သူဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျခံခဲ့ရပြီး ၂၀၀၂ ခုနှစ်မှ အပြင်လောကကို ပြန်လည်ရောက်ရှိလာသူ ကိုကျော်သက်မင်းပါ။

“ကျနော်က အရင်ထဲက ပစ္စည်းဟောင်းတွေ စုရတာ ဝါသနာပါတယ်။ ပထမကတော့ မျိုးစုံစုတာပေါ့။ နောက်ပိုင်းကျ အဲဒီထဲကမှ ကင်မရာတွေကို ရွေးစုမယ်လို့ ရွေးချယ်လိုက်တာ။ အဲဒီအချိန်တုန်းက ကျနော် သိသလောက် ကျနော်တို့နိုင်ငံမှာရော တခြား အိမ်နီးချင်းနိုင်ငံတွေမှာပါ ကင်မရာအဟောင်းနဲ့ပတ်သက်ပြီး သီခြားပြတိုက်လိုဟာမျိုး မရှိသေးဘူး။ ဒါနဲ့ပဲ ကျနော် ကင်မရာ အဟောင်းလေး သုံးလုံးနဲ့ စစုခဲ့တာ” လို့ Yangon Camera Museum တည်ထောင်ရန် ကြိုးစားနေသူ ကိုကျော်သက်မင်းက ပြောပါတယ်။

အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ကိုကျော်သက်မင်းဟာ အယ်ဒီတာ တဦးအဖြစ် အသက်မွေးဝမ်းကြောင်းနေသူတဦးလည်းဖြစ်ပါတယ်။  သူဟာ ကင်မရာအဟောင်းတွေ စုဆောင်းရတာ ဝါသနာပါပြီး ရန်ကုန်မြို့မှာ ကင်မရာအဟောင်းပြတိုက်တခု ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းနေသူပါ။ လက်ရှိမှာတော့ သူ ဝယ်ယူစုဆောင်းထားတဲ့ ကင်မရာအလုံးပေါင်း ၅၀၀ ကျော်ရှိနေပါပြီ။



“ကင်မရာအဟောင်းတွေ အဓိကရနိုင်တဲ့ နေရာတွေကတော့ အရင် မဂိုလ်လမ်းထဲက ဘိန်းစားတန်းလို နေရာမျိုးတွေ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် နေရာတွေကပေါ့။ တချို့ဟာတွေကျတော့လည်း နိုင်ငံခြားကအထိ မှာယူထားရတာတွေ ရှိတယ်။ ကင်မရာတွေနဲ့ပတ်သက်ပြီး အမြဲစဉ်းစားတယ်။ ဘယ်ကင်မရာက ဘယ်လို သမိုင်းတွေ ရှိလဲ။ ဘယ်နေရာကနေ ဘယ်လို ဝယ်ရမလဲဆိုတာ”လို့  ကိုကျော်သက်မင်းက သူ့ရဲ့ကင်မရာတွေနဲ့ ပတ်သက်ပြီး ပြောဆိုပါတယ်။

 

ကိုကျော်သက်မင်း စုဆောင်းထားတဲ့ ကင်မရာတွေကတော့ ဖလင်တိတ်ကင်မရာတွေ အဓိကဖြစ်ပြီး အမျိုးအစားပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဒီကင်မရာတွေထဲမှာမှ သက်တမ်း ၁၀၀ ကျော်ရှိပြီဖြစ်တဲ့ ကင်မရာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူ စုဆောင်းထားတဲ့ ကင်မရာတွေထဲကမှ နာမည်ကျော် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုင်ဆောင်ခဲ့တဲ့ ကင်မရာလည်း ပါဝင်ပါတယ်။

“ဟံသာဝတီဦးဝင်းတင် ကိုင်ခဲ့တဲ့ ကင်မရာဆိုရင် သူ နယ်သာလန် ခရီးသွားမှတ်တမ်းရေးပြီး ထုတ်ခဲ့တဲ့ စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတွေကို ရိုက်ခဲ့တဲ့ ကင်မရာ။ သူနဲ့က အကျဉ်းထောင်ထဲမှာ အတူနေခဲ့တော့ သူ့ကို ပြောပြဖြစ်တော့ သူ ကိုင်ခဲ့တဲ့ PENTAX အမျိုးအစား ကင်မရာလေး ပေးခဲ့တာပေါ့။ နောက်တခုက ၁၉၃၀ လောက်က မြန်မာဓာတ်ပုံဆရာတယောက်အကြောင်း ရိုက်တဲ့ ကင်မရာတွေလည်း ပါတယ်။ အများစုကတော့ ရှေးဟောင်းဖလင်တိတ်တွေပဲ။ Digital ဆိုလို့ ၃ လုံးလောက်ပဲ ပါတယ်”လို့ ကိုကျော်သက်မင်းက ဆိုပါတယ်။

စုဆောင်းထားတဲ့ ကင်မရာတွေထဲက အများစုကတော့ အသုံးပြုလို့ မရတော့ဘဲ အနည်းအကျဉ်းလောက်သာ သုံးလို့ရတယ်လို့ ဆိုပါတယ်။ ကင်မရာတွေ စုဆောင်းချိန် အခက်အခဲကတော့ ပြည်ပကနေ မှာယူရတဲ့အခါမှာ သယ်ယူစရိတ်က ကင်မရာ တန်ဖိုးထက် ပိုပြီးကြီးမားတယ်လို့ ပြောပါတယ်။

နိုင်ငံတကာမှာတော့ ကင်မရာပြတိုက် အများအပြား ရှိနေပြီး ဒီပြတိုက်တွေကနေတဆင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတွေ ဖြစ်နေပါပြီ။ ဒါပေမယ့် အာဆီယံမှာတော့ ကင်မရာနဲ့ပတ်သက်ရင် မလေးရှားနိုင်ငံ ပီနံကျွန်းက Penang Camera Museum ပြတိုက်တခုသာ ရှိပါသေးတယ်။ ဒါကြောင့်လည်း ကိုကျော်သက်မင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကင်မရာပြတိုက်တခု ဖွင့်လှစ်ချင်နေခဲ့တာပါ။

“တခြားရှေးဟောင်းပစ္စည်းပေါင်းများစွာကို လူတော်တော်များများက စုကြတယ်။ ဒါပေမယ့် ကင်မရာ စုဆောင်းတဲ့သူကတော့ အတော်ရှားတယ်။ ဒါ့ကြောင့် ကျနော်က ဒီမှာ ကင်မရာပြတိုက်လေးကို ဖွင့်ချင်တာ။ အစိုးရကနေသာ အခန်းနဲ့ နေရာလေးသာ ပံ့ပိုးရင် ကျနော် စုထားတာလေးတွေ ပြသပေးဖို့ အသင့်ပါပဲ။ အဲဒီကနေလည်း တခြား ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တာပေါ့” လွှို ကိုကျော်သက်မင်းက ပြောပါတယ်။ 



လက်ရှိအချိန်မှာ သူ စုဆောင်းထားတဲ့ ကင်မရာအဟောင်း ၅၀၀ ကျော်ကိုတော့ သူ့ရဲ့နေအိမ်ဖြစ်တဲ့ ကမာရွတ်မြို့နယ်ထဲရှိ စံရိပ်ငြိမ်က နေအိမ်မှာပဲ ထားရှိထားပြီး Yangon Camera Museum ဖြစ်လာဖို့အတွက် နေရာက အဓိက အခက်အခဲဖြစ်နေပါပြီ။

သူ့အနေနဲ့ ပြတိုက်တခု ဖြစ်လာခဲ့ရင် ဒီကင်မရာအဟောင်းတွေကို မူရင်း Camera Manual တွေ၊ ရုပ်ပုံကားချပ်တွေနဲ့ ပြကွက်တွေခွဲပြီး ပြသနိုင်အောင် စီစဉ်ထားပါတယ်။

“ဒါတွေ စုတာ ကျနော့်မိန်းမကတော့ သိပ်သဘောမကျဘူး။ ဘာလို့လဲဆိုတော့ သူ့ဘဏ်စာရင်းထဲက ငွေတွေ ပျောက်ပျောက်သွားလို့လေ” လို့ ကိုကျော်သက်မင်းက ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013