
အုတ်ခဲတွေကြားက အသက်လုပြီး ပြေးခဲ့ရတာ ညညဆို အိပ်မပျော်ဘူးလို့ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာက ဗုံးကြဲခံရတဲ့ မဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းကနေ ထွက်ပြေး လွတ်မြောက်လာသူက DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ မဟာစည်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီလောက်က လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ရှောင်ပြည်သူ ၂ ယောက် သေဆုံးပြီး ကလေး လူကြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သာသနိက အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အအုံပျက်တွေကြားက ထိတ်လန့်ပြီး အသက်လု ထွက်လာခဲ့ရတယ်လို့ ဒဏ်ရာရပြီး လွတ်မြောက်လာသူတယောက်က ပြောပါတယ်။
“လေယာဉ်ကြီးလာတာတော့ သိတယ်။ အသံသဲ့သဲ့လေး ကြားတယ်။ အနားနားရောက်တဲ့အခါမှာ သတိမေ့သလိုမျိုးကြီး ဖြစ်သွားတယ်။ လူကလည်း လှုပ်မရတော့ဘူး။ အပေါ်ကနေချပြီးဆိုမှ သတိက ပြန်လည်လာတယ်။ သတိပြန်လည်လာမှ ခေါင်းပေါ်မှန်သွားတာ။ အပေါ်မှာလည်း အုတ်ခဲက ကြွေကျနေတာ။ ကြွေကျနေတဲ့အထဲက ကျောင်းအဝင်ရောက်တဲ့အခါ နောက်တလုံး ထပ်ချတာ။ ကယ်ဆယ်ရေးတွေနဲ့တွေ့လို့ ကယ်သွားတာ။ မမျှော်လင့်ဘဲနဲ့ ရောက်ရောက်ချင်း တန်းချတာ။ တန်းချတဲ့အခါ လန့်လည်းလန့်တာပေါ့။ အဆောက်အအုံတွေ ကိုယ့်ရှေ့တင် ပြိုကျ၊ အုတ်ခဲတွေဆိုရင် အပေါ်ကနေ မွှာမွှာနဲ့ကျတာ ပါးစပ်ထဲတွေဝင်လို့။ ဒီကြားထဲကနေ အသက်လုပြီး ထွက်လာခဲ့ရတာဆိုတော့ လန့်လည်း လန့်တယ်။ ညဘက်တွေဆို အိပ်လို့မရဘူး။ လူစုလူဝေးနဲ့ အော်သံတွေကြားလို့ရှိရင်လည်း ရင်ထဲက အလိုလိုလန့်နေတာ။”
စစ်အာဏာရှင်တပ်က အဲဒီနေ့ ညနေပိုင်းမှာ ထပ်မံပြီး ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေ ဒရုန်း ၂ စီးနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် စိတ်မကောင်းဘူးလို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
“ဘုန်းဘုန်းနေတဲ့ အဆောင်တဆောင်လုံးက တံခါးတွေ အကုန်ပွင့်ထွက်ကုန်တာ။ စိတ်ကတော့ လုံးဝမကောင်းတာ။ အခု နောက်ကျန်တဲ့ ဗုံးတလုံးတွေ့ပြီ၊ ဖင်ပွင့်ထားတာ။ အဲဒါမရှိမှ စိတ်ချလက်ချဖြစ်မှာ။ သန့်ရှင်းရေးတွေ ခဏနားထားတယ်။ မကောင်းတာလုပ် လက်တွေ့ ဆင်းရဲနေပြီ။ ဘုန်းဘုန်းအနေနဲ့တောင်။”
စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်တွင်းပြည်ပက ဘုရားဖူးဧည့်သည်တွေ နှစ်စဉ် လာရောက်ပြီး ဖူးမြော်လေ့လာနေတဲ့ ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ပထမဆုံး ပင်မရိပ်သာကြီး၊ ဆရာတော်ကြီးရဲ့ ရုပ်တု၊ မဟာစည် အတ္ထုပ္ပတ္တိနဲ့ ကျမ်းဂန်တွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် ဖော်ပြလို့မရတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေလို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ခန့်











