DVB Logo
Home
Lead Story
ရခိုင်ဒေသ စီးပွားရေးအခွင့်အလမ်းတွေ ဘယ်လောက်ပွင့်နေပြီလဲ
DVB
·
May 4, 2018
ရခိုင်ဒေသ စီးပွားရေးအခွင့်အလမ်းတွေ ဘယ်လောက်ပွင့်နေပြီလဲ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံး ပြည်နယ်နှစ်ခုကို ပြောပါဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။ ရခိုင်မှာ အလင်းရောင်အတွက် လျှပ်စစ်မီး အသုံးပြုနိုင်တဲ့နှုန်းဟာ ပြည်နယ်လူဦးရေရဲ့ ၁၂.၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေမှာ ညွှန်းပြခဲ့ပါတယ်။

ဒီပမာဏဟာ အရမ်းကို နည်းပါးလွန်းတဲ့ ရာနှုန်းတခုထက်တောင် ပိုတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် လျှပ်စစ်မီးအတွက် လိုအပ်တဲ့ အဖိုးတန်လောင်စာတခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ဟာ ရခိုင်ပြည်နယ်မှာ ထွက်နေပါတယ်။

နိုင်ငံတကာ ခရီးသွား ဝက်ဆိုက်တွေကနေ အလှဆုံးကမ်းခြေလို့ မကြာခဏ ကြေညာတတ်သလို CNN ရဲ့ ၂၀၁၆ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၁၀ ခုစာရင်းမှာ နံပါတ် ၈ နေရာမှာ ပါဝင်ခဲ့တဲ့ ငပလီကမ်းခြေလိုမျိုး သဘာဝရင်းမြစ် အလှတရားတွေ ရှိနေတာလည်း ရခိုင်ပြည်နယ်ပါ။

ဒါ့အပြင် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နေရာ ဖြစ်လာဖို့ ကြိုးစားနေတဲ့ မြောက်ဦးလို နေရာမျိုးကလည်း ရှိနေပြန်ပါသေးတယ်။ ရခိုင်ပြည်နယ်ဟာ ဒီလို သဘာဝအမွေအနှစ်တွေ၊ သမိုင်းအမွေအနှစ်တွေ ရှိနေတဲ့ နေရာတနေရာပါ။

ဓာတ်ငွေ့ထွက်တယ်၊ မီးမလင်းဘူး

“ရခိုင်မှာ ဓာတ်ငွေ့ထွက်တယ်၊ ဒါပေမယ့် ရခိုင်မှာ မီးမလင်းဘူး" ဆိုတဲ့စကားက လူထုကြားမှာ ပြောလေ့ရှိတဲ့ စကားတခွန်းပါ။ ရခိုင်ကမ်းလွန်မှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်က ထွက်တဲ့ ဓာတ်ငွေ့ကို တရုတ်နိုင်ငံကို တင်ပို့နေခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းကပါပဲ။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပြင် ရေနံစိမ်းပိုက်လိုင်းကနေ တင်ပို့မှုကိုလည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလဆန်းမှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေကိုလည်း တရုတ်က ဒီပိုက်လိုင်းကနေ လွယ်ကူစွာ သယ်ယူနိုင်သွားပါပြီ။

ရခိုင်ဒေသ၊ ကျောက်ဖြူကနေ တရုတ်ပြည် ကူမင်းအထိ သွယ်တန်းထားတဲ့ ဂက်စ်ပိုက်လိုင်းက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP က လုပ်ကိုင်နေတာပါ။ ရှယ်ယာပိုင်ဆိုင်မှုတွေအနေနဲ့ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီက ၅၀ ဒသမ ၉ ရာခိုင်နှုန်း၊ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Posco Daewoo က ၂၅ ဒသမ ၀၄၁ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီ ONGC က ၈ ဒသမ ၃၄၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ၇ ဒသမ ၃၆၅ ရာခိုင်နှုန်း၊ Korea Gas Corporation က ၄ ဒသမ ၁၇၃၅ ရာခိုင်နှုန်းနဲ့ အိန္ဒိယ GAIL ကုမ္ပဏီက ၄ ဒသမ ၁၇၃၅ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ပြီး အကောင်အထည် ဖော်သွားတာပါ။

ဒီပိုက်လိုင်းကနေ တင်ပို့တဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ ရွှေလုပ်ကွက်ကိုတော့ ကိုရီးယားဒေဝူးကုမ္ပဏီက ရှယ်ယာပိုင်ဆိုင်မှု အများဆုံးနဲ့ အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ၁၅ ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ အခြားကုမ္ပဏီတွေကတော့ ONGC၊ GAIL နဲ့ Korean Gas Corporation တို့ပါပဲ။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို လက်ရှိအချိန်မှာ တရုတ်ကုမ္ပဏီ CITIC၊ မြန်မာကုမ္ပဏီတွေ ပေါင်းထားတဲ့ မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီအဖွဲ့ (MKSHC) နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အစပိုင်းက ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အိမ်ရာစီမံကိန်းဆိုပြီး စီမံကိန်းသုံးခုနဲ့ အကောင်အထည်ဖော်ဖို့ လုပ်ခဲ့ပေမယ့် ခုချိန်မှာတော့ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဇုန်စီမံကိန်းကိုပဲ လုပ်သွားဖို့ ပြင်ဆင်နေကြတဲ့အချိန်ပါ။

နောက်ဆုံး ညှိနှိုင်းမှုတွေအရ သိရတာက ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီအဖွဲ့က ၂၅ ရာခိုင်နှုန်းနဲ့ အစိုးရက ၅ ရာခိုင်နှုန်း ပူးပေါင်းမှုနဲ့ သွားမှာပါ။ စက်မှုဇုန်စီမံကိန်းကိုတော့ တရုတ်ဘက်က ၅၁ ရာခိုင်နှုန်း မှန်းထားပါတယ်။

ရခိုင်ပဋိပက္ခနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD

၂၀၁၂ ခုနှစ်ကနေစပြီး နာတာရှည်ဖြစ်လာခဲ့တဲ့ ရခိုင်ပြဿနာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာဖြစ်ခဲ့တဲ့ လုံခြုံရေးကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ် နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ အထူးအာရုံစိုက်မှု အရှိန်မြင့်ခဲ့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတာတွေ၊ နိုင်ငံတကာပါလီမန်များ ညီလာခံမှာ ဆွေးနွေးတာတွေနဲ့ ရခိုင်အရေးဟာ ကမ္ဘာကျော်ခဲ့ရပါတယ်။ ဥရောပသမဂ္ဂ EU ရဲ့ အရေးယူမှု အစိတ်အပိုင်းတွေလည်း ရှိလာခဲ့ပါတယ်။

ဒီလို နိုင်ငံတကာ ဖိအားပေးမှုတွေကြားထဲက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လည်လက်ခံနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီစီမံကိန်းမှာ စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းအဖွဲ့တွေအပြင် အခြားအဖွဲ့တွေ အပါအဝင် စုစုပေါင်း အဖွဲ့ ၉ ခုနဲ့ လုပ်ဆောင်နေတာပါ။ ဒီစီမံကိန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးမှာ ဘယ်လောက်အထိ အခန်းကဏ္ဍတခုက ပါဝင်နိုင်မလဲ ဆိုတာတော့ မသိသေးပါဘူး။

ဒေသခံတွေအတွက် စီးပွားရေး အခွင့်အလမ်း ဘာလဲ

မြန်မာနိုင်ငံ လူဦးရေရဲ့ ၆ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေစုစုပေါင်း ၃ သန်းကျော် နေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ အသက် ၁၅ နှစ်အထက် အလုပ်အကိုင်ရရှိမှုဟာ အစိုးရ ထုတ်ပြန်ထားတဲ့ ညွှန်းကိန်းအရဆိုရင် ၄၉ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အလုပ်အကိုင် ရရှိမှုဟာ ထက်ဝက်ပဲရှိတယ်လို့ ဆိုရမှာပါ။

ရခိုင်ပြည်နယ်ရဲ့ သဘာဝကပေးတဲ့ ရင်းမြစ်မှာ ဒေသခံတွေ လုပ်ကိုင်နိုင်တဲ့ စီးပွားရေးကိုကြည့်ရင် ရေလုပ်ငန်းဟာလည်း တခုအပါအဝင်ပါ။ ကမ်းရိုးတန်းတလျှောက်လုံးကို မေးတင်ထားတဲ့ ပြည်နယ်၊ အဖိုးတန် သဘာဝဓာတ်ငွေ့ထွက်တဲ့ ပြည်နယ်၊ ကမ္ဘာ့အလှဆုံးကမ်းခြေကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်၊ ဘီလီယံချီတဲ့ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်နေတဲ့ ပြည်နယ်၊ ဒီပြည်နယ်မှာ ဒေသခံတွေရဲ့ စီးပွားရေး အခွင့်အလမ်းတွေက အခုလိုအချိန်မှာ ဘယ်လောက်အထိ ပွင့်လန်းနေပြီလဲ။

ဒီလိုပြည်နယ်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲတွေ၊ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်း နည်းပါးမှုတွေနဲ့ မြန်မာနိုင်ငံထဲက အဆင်းရဲဆုံးပြည်နယ် ဆိုတဲ့ ညွှန်းကိန်းအောက်ကနေ ထိုးထွက်လာဖို့ ဘာတွေလိုအပ်နေပြီလဲ၊ အစိုးရရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ ဘယ်လိုပတ်သက်နေပြီလဲ ဆိုတာတွေဟာ စိတ်ဝင်စားစရာ ကောင်းသလို မေးစရာတွေလည်း ရှိနေပါပြီ။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013