DVB Logo
Home
Lead Story
ငါးကြီးကြီးကင်ဖို့ ဥပဒေက မလုံလောက်ဘူးတဲ့လား ….
DVB
·
May 3, 2018
ငါးကြီးကြီးကင်ဖို့ ဥပဒေက မလုံလောက်ဘူးတဲ့လား ….
Donate to DVB

အရင်က ဗိုလ်ချုပ်ကြီးဟောင်းစိုးဝင်းက သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး” အတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အဂတိလိုက်စားမှုကို အောက်ခြေမှအစ၊ အထက်ပိုင်းထိ တဖြည်းဖြည်း လေ့လာ ခြေရာကောက်ခဲ့ကြောင်း၊ နောက်ဆုံးအဆင့်လည်း ရောက်သွားရော အဂတိလိုက်စားမှုကို အရေးမယူနိုင်တဲ့အပြင် အလေးပြုပြီး ထွက်လာခဲ့ရကြောင်းကို ရေးသားထားတာ ဖတ်ဖူးခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးထက် ရာထူးကြီးသူက သူ့အထက်မှာ နှစ်ယောက်ပဲ ရှိပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်ကြီးဟောင်းစိုးဝင်းက ဘာကိုရည်ရွယ်ပြီး ဘယ်ကို ရည်ညွှန်းလိုပါသလဲ။ ဒါဟာ ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် သမိုင်းမှတ်တမ်းတခုပင် ဖြစ်နေပါတယ်။

မြန်မာစကားပုံမှာတော့ ခေါင်ကမလုံရင် တအိမ်လုံး မိုးစိုတာပဲလို့ ပြောလေ့ပြောထ ရှိတယ်။ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်ပြည်မှာတော့ ခေါင်က မိုးမလုံတဲ့ အဂတိလိုက်စားသူတွေကို သေဒဏ်ပေး အရေးယူခဲ့တယ်။ သူတို့အပြောကတော့ အာဏာကို ရောင်းစားတဲ့ ခရိုနီအရင်းရှင်စနစ် မဖြစ်အောင် ကာကွယ်ခြင်းဖြစ်တယ်။ ခရိုနီ အရင်းရှင်စနစ် ဖြစ်သွားရင် အဲဒီနိုင်ငံဟာ တရားဥပဒေလည်း မစိုးမိုးနိုင်ဘူး။ တရားမျှတမှုလည်း ပျောက်ကွယ်သွားပြီး၊ ဥပဒေအထက်မှာ ရောက်နေတဲ့သူကို ဖယ်ချဖို့ ပိုမိုခက်ခဲသွားပေလိမ့်မယ်လို့ ယူဆဟန်ပါပဲ။ ဒီအဖြစ်မျိုးတွေကြောင့် မြန်မာနိုင်ငံဟာ အဆိုးသံသရာထဲက ရုန်းမထွက်နိုင်သေးခြင်းပဲလို့ သုံးသပ်ကြပါတယ်။

မကြာသေးမီက ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဂတိတိုက်ဖျက်ရေး ကော်မတီသစ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်ကတော့ “ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် တည်ဆဲဥပဒေအရ Big Fish ကို ရစရာ တွေ့စရာ အကြောင်းမရှိဘူး။ တကယ်တမ်း လက်တွေ့လုပ်မယ်ဆိုရင် သူ့ရဲ့ အကန့်အသတ်တွေ အများကြီးရှိတယ်။ ကျနော်တို့ အသေးအဖွဲ လာဘ်ပေးလာဘ်ယူလောက်သာ ကိုင်တွယ်နိုင်မယ်” လို့ ဆိုပါတယ်။ ဒါ ဘာကြောင့်ပါလဲ။ ဥပဒေအားနည်းချက်ကြောင့်လို့ ဆိုလိုချင်တာလား။ ဒါမှမဟုတ် အမျိုးသားရင်ကြားစေ့ရေးကြောင့် ခေါင်ကိုလုံအောင် မဖာနိုင်တာလားဆိုတာ ပြည်သူလူထုကြားမှာ မေးစရာပင် ဖြစ်နေပါတော့တယ်။

တကယ်တော့ ဒီဥပဒေဟာ ၁၉၄၈ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ (Anticorruption Act 1948) က အစပြုခဲ့တာပါ။ ၁၉၅၉ ခုနှစ်မှာ အဂတိလိုက်စားမှု တားမြစ်ရေး (ပြင်ဆင်ချက်) ဥပဒေ (Anticorruption (Amendment) Act 1959) မှာ တကြိမ် ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၃ မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ (Anti- corruption Law) အဖြစ် ပြင်ဆင်ပြီး အသစ်ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ပထမအကြိမ် ပြင်ဆင်ချက်နဲ့ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ၂၀၁၆ ထဲမှာ ဒုတိယအကြိမ်ပြင်ခဲ့ပြီး တတိယအကြိမ် ပြင်ဆင်ချက် ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အခုပြင်ဆင်ချက်ကတော့ စတုတ္ထအကြိမ် ပြင်ဆင်ချက် ဖြစ်ခဲ့ပါတယ်။

စတုတ္ထအကြိမ် ပြင်ဆင်ချက်နဲ့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီကိုပါ အသစ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီသစ်ရဲ့ ဥက္ကဋ္ဌက ငါးကြီးကြီးဖမ်းဖို့ အဟန့်အတားတွေ ရှိနေတယ်လို့ ပြောဆိုခဲ့တာကြောင့် ဥပဒေအရ အဟန့်အတား ရှိနေသလားဆိုတာ သိနိုင်ဖို့အတွက် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်က စိတ်ဝင်စားစရာ ဖြစ်ခဲ့တာကြောင့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဘယ်လိုပြင်မလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်ခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့သူတွေကတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတယောက်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ အောင်ချိန်ဘွား ကလောင်နာမည်နဲ့ စီးပွားရေးဆောင်းပါးတွေ ပုံမှန် ရေးသားနေတဲ့ ဦးလှမောင်တို့ပါပဲ။ ဦးစွာပထမ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့… ဦးသိန်းညွန့်က အရင်ဥပဒေထက် အခုပြင်ဆင်ချက်က အကောင်းဘက် ပိုရောက်လာပါတယ်။ လူထုပိုပါဝင်လာအောင် လုပ်ပေးရမယ်။ တရားခွင်ရောက်ဖို့ “ဖော်ကောင် အခွင့်အရေး” ကို ခိုင်လုံအောင် ပြဋ္ဌာန်းပေးရမယ်။ တရုတ်နှစ်ကူးအပါအဝင် အခါကြီးရက်ကြီးတွေမှာ ကန်တော့ကြေး၊ လက်ဆောင်ပေးတာ၊ ယူတာကို တင်းကျပ်တဲ့ ဥပဒေ ထုတ်ပြန်တားမြစ်ရမယ်။ နိုင်ငံရေးရာထူးအာလုံး (လွှတ်တော်ကိုယ်စားလှယ် အပါအဝင်) ရဲ့ ပိုင်ဆိုင်ခွင့် ကြေညာဖို့ ဥပဒေပြဋ္ဌာန်းရမယ်လို့ ဆိုပါတယ်။ ဦးလှမောင်ကတော့ ကျော်စောသတင်းနဲ့ ပတ်သက်ပြီး ဘယ်လို ကျော်စောခြင်းလဲဆိုတာ ဖွင့်ဆိုချက်ပေးဖို့၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လွယ်ကူအောင် လုပ်ပေးထားရင် အဂတိလိုက်စားမှု လျော့ပါးသွားစေနိုင်တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။

ဆွေးနွေးချက်အားလုံးကတော့ အဂတိလိုက်စားမှု ကင်းစင်ရေးကို စေတနာနဲ့ သုံးသပ် ထောက်ပြခဲ့ကြပါတယ်။ မေးစရာရှိတာက အခုပြင်ချက်ဥပဒေက ငါးကြီးကြီးကင်ဖို့ မလုံလောက်ဘူးလား ဆိုတာပဲ။ တပြိုင်တည်း မေးစရာ ဖြစ်လာစေတာက ဥပဒေရဲ့ ရည်ရွယ်ချက်မှာ ငါးကြီးကြော်ရင် အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေရဆိုတဲ့ ကန့်သတ်ချက်များ ရှိသလား ဆိုတာပဲ။ တကယ်တမ်း ဥပဒေပြဋ္ဌာန်းချက်မှာတော့ ငါးကြီး၊ ငါးသေး ခွဲခြားပြဋ္ဌာန်းတာတော့ မတွေ့ရပါဘူး။ အဂတိလိုက်စားမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာလည်း ငွေကြေးအနည်းအများနဲ့ လူပုဂ္ဂိုလ်အပေါ် ခွဲခြား ဖွင့်ဆိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် တခုတော့ရှိတယ်။ နိုင်ငံရေးလက်ရှိ ရာထူးကြီးကြီး ရှိသူတွေ ကျူးလွန်တာမျိုးဆိုရင်တော့ သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ရဲ့ ခွင့်ပြုမှု ယူရတာတော့ ရှိရဲ့လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ သုံးသပ်ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိပြင်ဆင်ပြဋ္ဌာန်းတဲ့ ဥပဒေအရဆိုရင် အကြီး၊ အသေး မခွဲခြား အဂတိလိုက်စားမှု အရေးယူခြင်း၊ မယူခြင်းဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပေါ်မှာပဲ မူတည်နေဟန်ပါ။ ငါးကြီးကြော်ဖို့ အဟန့်အတားရှိတယ်ဆိုတဲ့ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပြောစကားဟာ ကျော်စောမှုကို အခြေခံပြီး နိုင်ငံရေးရာထူးကြီးသူကို စုံစမ်းခွင့်စစ်ဆေးခွင့်ပြုရသူက အဂတိနဲ့ ကြိုတင်အသိပေးကာကွယ်မှု ပြုခြင်းအပေါ်မှာ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ သံသယရှိနေသလားဆိုတာ စဉ်းစားစရာတခု ဖြစ်ခဲ့ပြန်ပါတယ်။

ဒါမှမဟုတ် ကိုယ်မစွမ်းတိုင်း လက်ညှိုးထိုးနေကျ “အမျိုးသားရင်ကြားစေ့ရေး” ဆိုတဲ့ မခိုင်လုံတဲ့ ဆီသည်မ လက်သုတ်ဖတ်ကြောင့်များလား ဆိုတာတော့ ဝေခွဲခြင်းငှာ မစွမ်းသာတော့ပါကြောင်း ခင်ဗျား။      ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013