DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့လယ်သင်္ချိုင်းကို ပန်းခြံအဖြစ်ပြောင်းလဲရေး မြို့ခံ ၅၀၀ ခန့်ဆန္ဒပြ
DVB
·
May 3, 2018
ဟင်္သာတမြို့လယ်သင်္ချိုင်းကို ပန်းခြံအဖြစ်ပြောင်းလဲရေး မြို့ခံ ၅၀၀ ခန့်ဆန္ဒပြ
Donate to DVB

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့လယ်ခေါင်မှာရှိတဲ့ သုသာန်ဟောင်းနေရာကို ပန်းခြံပြုလုပ်ခွင့်ရဖို့ မေ ၃ ရက်မနက်ပိုင်းက မြို့ခံ ၅၀၀ နီးပါးက မြို့အနှံလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သုသာန်ဟောင်းဟာ ၁၉၉၄ မတ်လ ၁ ရက်ကတည်းက စပိတ်ထားတာဖြစ်ပြီး မြို့လယ်ခေါင်မှာ တည်ရှိနေတာကြောင့် ပြည်သူလူထုအပန်းဖြေဖို့ ပန်းခြံအဖြစ် ပြောင်းလဲ တည်ဆောက်သွားဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့ပေမယ့် ဝန်ကြီးချုပ်က ဆောင်ရွက်ဖို့ နှောင့်နှေးနေတာကြောင့် အခုလို ဆန္ဒပြတာလို့ ပန်းခြံ ဖြစ်မြောက်ရေး ကော်မတီဝင်တွေက ပြောပါတယ်။

ပန်းခြံဖြစ်မြောက်ရေး ကော်မတီဝင် ဦးဖြိုးမြင့်သိန်းက “ကျနော်တို့အကြောင်းကြားတဲ့အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ အကြောင်းပြန်မှု မရှိပါဘူး။ ကျနော်တို့ကတော့ တရားဥပဒေ စိုးမိုးရေးအတွင်းကပဲ လုပ်တယ်။ တရားဥပဒေရဲ့ အထက်မှာ ညှိနှိုင်းမှုရှိတာလား ဒါမှမဟုတ် တရားဥပဒေက အပေါ်မှာလား ညှိနှိုင်းမှုက အပေါ်မှာလားဆိုတာ ကျနော်တို့ စည်ပင်ဝန်ကြီးကိုမေးခဲ့ပါတယ်။ လက်ရှိ ညှိနှိုင်းနေဆဲပါပဲပြောပါတယ်။ တိကျတဲ့အဖြေမပေးသေး ပါဘူး”လို့ ပြောပါတယ်။

သုသာန်ဟောင်းနေရာဟာ ဟင်္သာတမြို့ရဲ့ ဂုဏ်သရေကို ထိခိုက်တဲ့အနေအထား ဖြစ်နေ တာကြောင့် ဟင်္သာတမြို့ခံတွေက သင်္ချိုင်းဟောင်းကိုဖျက်ပြီး ပန်းခြံအဖြစ် တည်ဆောက်လို တယ်လို့ တင်ပြခဲ့ရာမှာတော့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က လူထုဆန္ဒမဲကောက်ခံပြီး ဆက်လက်လုပ်ဆောင်ဖို့ ဟင်္သာတခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒါကြောင့် ၂၀၁၇ သြဂုတ် ၂၇ ရက်က ဟင်္သာတမြို့တော်ခန်းမမှာ မြို့နေလူထုဆန္ဒခံယူခဲ့ရာမှာ ကန့်ကွက်မဲမရှိ ထောက်ခံမဲ ၆၉၇၆ မဲနဲ့ ပန်းခြံတည်ဆောက်ဖို့ ဟင်္သာတမြို့ခံတွေက မဲပေးခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “ပြည်ထောင်စု အစိုးရကို တင်ပြတဲ့အခါ လက်ရှိအခြေအနေတွေအရ သုဿာန်ရွေ့ပြောင်းခြင်းကို ဆိုင်းငံ့ပါလို့ စာပြန်လာတယ်။ ဒီစာကိုလည်း ဒေသခံတွေကို ရှင်းပြပြီးဖြစ်ပေမယ့် သူတို့ကတော့ ဒီကိစ္စကို အကောင်အထည်ဖော်ချင်တဲ့သူတွေမို့ ကျနော်တို့ ရှင်းပြတဲ့ လုပ်ထုံးလုပ်နည်း အမိန့် ညွန်ကြားချက်တွေကို လက်မခံပဲနဲ့ ဥပဒေမှာရေးထားတဲ့စာအတိုင်း ဒီဟာကိုအစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးသင့်တယ်လို့ ဖိအားပေးအကျပ်ကိုင်လာတဲ့ သဘောရှိတယ်”လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ ဟင်္သာတမြို့ ဦးပါရဲ ဘုရားဝန်းရှေ့ကနေ မနက် ၇ ရီက စတင်ပြီး မြို့လယ်သင်္ချိုင်းဟောင်းအား ပန်းခြံပြုလုပ်ခွင့်ပေးရေး၊ ဘာသာပေါင်းစုံကလေးများ အနာဂတ်အတွက် ပန်းခြံပြုလုပ်ခွင့်ရရေး၊ စည်ပင်ဥပဒေကို တိုင်းဒေသကြီးအစိုးရ ချက်ချင်းအကောင်အထည်ဖော်ပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ မနက် ၁၀ နာရီအထိ မြို့အနှံ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013