မုံရွာတွင် မီးသတ်တပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲနှင့် သန့်ရှင်းရေးပြုလုပ်

စစ်ကိုင်တိုင်းမီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မေလ ၅ ရက်မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့မှာ စုပေါင်းသွေးလှူဒါန်းပွဲနဲ့ သန့်ရှင်းရေးပြုလုပ်နေပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းကာ မုံရွာမြို့ ခုတင် ၅၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးနဲ့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ခုတင် ၂၀၀ ဆံ့ သားဖွားမီးယပ်ဆေးရုံတို့မှာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြတာပါ။
ဒီစုပေါင်းသန့်ရှင်းရေးမှာ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀၊ ရဲတပ်ဖွဲ့ဝင် ၅၀ တို့ပါဝင်ခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်ကလည်း မုံရွာပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှာ သွေးလှူဒါန်းခဲ့ကြပါတယ်။
အခုလို လုပ်ဆောင်တာက မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေဖြစ်တဲ့ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတွေအပြင် အခြားသော အချိန်တွေမှာလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်တဲ့အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်ရာ နေရာတွေမှာ သန့်ရှင်းရေးပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးရုံသန့်ရှင်းရေးလုပ်ဆောင်ရာမှာ မိုးဦးကျရာသီဖြစ်တဲ့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့ ရေမြောင်းတွေကို မြောင်းဆယ်တာ၊ ခြင်ခိုအောင်းနိုင်တဲ့ ခြုံပုတ်တွေကို ခုတ်ထွင်ရှင်းလင်းတာ၊ ပလပ်စတစ်နဲ့ အခြားအမှိုက်တွေကို လိုက်လံကောက်ယူသန့်ရှင်းတာတွေ ဦးစားပေး လုပ်ဆာင်ခဲ့ကြပါတယ်။
စုပေါင်းသွေးလှူဒါန်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းလည်း လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
နှစ်စဉ်ကျင်းပတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း မီးဘေးအန္တရာယ် လျော့ပါးရေးအတွက် မုံရွာမြို့က ဈေးနဲ့အနီးပတ်ဝန်းကျင်တွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါသေးတယ်။











