
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၁၆၁ ဦးတို့ လာမယ့်မေ ၇ ရက်မှာ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည် ၀င်ရောက်ဖို့ရှိနေပါတယ်။
အဆိုပါမိသားစုတွေဟာ မိမိဆန္ဒအလျောက် နေရပ်ပြန်ကြမှာဖြစ်ပြီး ဒီမိသားစုတွေဟာ နယ်စပ်ဒုက္ခသည်စခန်း ၅ ခုက ဒုက္ခသည်တွေဖြစ်ပါတယ်။
သူတို့တွေဟာ မယ်လ စခန်းမှ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၆၀ ဦး၊ နို့ဖိုးစခန်းမှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၃၅ ဦး၊ အုန်းဖျန်စခန်းမှ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၀ ဦး၊ မိုင်နန်းစွယ် စခန်းမှ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၅ ဦး နဲ့ ဘမ့်ဒုံယမ်း စခန်းမှ (၁) ဦး ဖြစ်ပါတယ်။
မေလ ၇ ရက်နေ့ကျရင်တော့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားနဲ့ Huay Ton Non/Bp 13 နယ်စပ်လမ်းကြောင်းက တဆင့် မိမိဒေသအသီသီးကို ပြန်လည်ဝင်ရောက်ကြမှာ ဖြစ်တယ်လို့ ကရင်ဒုက္ခသည်ကော်မီတီ (ကေအာစီ) အတွင်းရေးမှူး စောဘွယ်စေးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီပြန်မယ့်သူတွေကကျတော့ မိမိဘာသာ မိမိသဘော၊ ကိုယ့်ဘာသာ ကိုယ့်နေရာကိုယ် ရှာထားပြီးပြီ၊ ကိုယ့်လုံခြုံစိတ်ချမှုအတွက်၊ အသက်မွေးဝမ်းကျောင်းအတွက် ရှာထားပြီးတဲ့သူတွေ ကလို့ ပြောလို့ရပါတယ်။ ဒီလူတွေဟာ UNHCR ရဲ့အစီအစဉ်နဲ့ UNHCR ရဲ့ ကြည့်ရှုပံ့ပိုးမှုနဲ့ ပြန်သွားမယ့်သူတွေဖြစ်ပါတယ်။ သူတို့ဟာနဲ့သူတို့ ဆုံးဖြတ်ပြီးတော့ ပြန်တာဖြစ်ပါတယ်။”
မယ်လဒုက္ခသည်စခန်းမှာ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၀၁ ဦး ရှိတယ်လို့လည်း မယ်လစခန်းကော်မီတီဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။
“UNHCR ကနေ တဆင့်ကျနော်တို့ကို အသိပေးတာကတော့ ဒီမယ်လစခန်းမှာ လူပေါင်း ၁၀၁ ယောက်စာရင်းပေးထားတယ်။ မေလ ၇ ရက်နေ့မှာ သူတို့ အစီစဉ်နဲ့ ပြန်ဖို့ စီစဉ်ထားတယ်။ အဲရက်ကျမှ ယူအန်က အစီအစဉ်တွေကို တိတိကျကျ ပြန်လုပ်ပေးမယ်လို့ ပြောတယ်။ ”
ပြည်တွင်းပြန်လည်ဝင်ရောက်မယ့် ဒုက္ခသည်တွေက UNHCRကနေ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (အိုင်အိုအမ်)က တစ်ဆင့် ကူညီပို့ ဆောင်ပေးမည်ဖြစ်ပြီး လမ်းခရီးအတွက် ငွေကြေး အကူအညီကို လူတဦးကို ထိုင်းဘတ်ငွေ ၁,၈၀၀ နဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် လူကြီးတဦး ဘတ် ၅,၄၀၀၊ ကလေးတဦး ဘတ် ၃,၆၀၀ နဲ့ စားနပ်ရိက္ခာ ၆ လစာအတွက် လူတဦးကို ဘတ် ၂၁၀၀ ပေးအပ်ကူညီသွာမယ့် UNHCR က ကြေညာထားပါတယ်။
ဒါကြောင့် ပြန်သွားမယ့် ဒုက္ခသည်တွေအနေနဲ့ လူကြီးတဦးကို စုစုပေါင်း ဘတ်ငွေ ၉၃၀၀ ကျပ်နဲ့ ကလေးတဦးကို ဘတ်ငွေ ၇၅၀၀ စီထောက်ပံ့သွားမှာဖြစ်ကြောင်းလည်း UNHCRက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ခြင်ထောင်၊ အမျိုးသမီးသုံးပစ္စည်းထုပ်၊ ခရီးဆောင်အိတ်၊ စာရွက်စာတမ်းထည့်တဲ့ ဖိုင်တွေကိုလည်းပေးအပ်သွားမှာဖြစ်ပါတယ်။
ပြန်သွားမယ့်သူတွေဟာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်၊ ပဲခူးနဲ စကိုင်း တိုင်းဒေသကြီးတွေဆီကို ပြန်သွားကြမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၂၆ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ အစိုးရရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။











