DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်လိုသည့် ရွာသားများ တားမြစ်ခံနေရ
DVB
·
May 2, 2018
ဖားကန့်မြို့နယ်တွင် စစ်ဘေးရှောင်လိုသည့် ရွာသားများ တားမြစ်ခံနေရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လိုင်းနောင်းခူးရွာသားတွေကို တပ်မတော်က ရွာကနေ ဘေးလွတ်ရာကို ထွက်သွားခွင့်မပြုဘဲ ကိုယ့်ဒေသမှာ ကိုယ်နေထိုင်ကြဖို့ သတိပေးကြညာထားတယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဧပြီလထဲမှာ တိုက်ပွဲတွေဖြစ်လို့ ဖားကန့်မြို့နယ်၊ လိုင်းနောင်းခူးရွာသားတွေဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းချင်ပေမယ့် အခုအချိန်ထိ သွားခွင့်မရဘဲ  ပိတ်မိနေတာဖြစ်ပါတယ်။

လိုင်းနောင်းခူးရွာသားတယောက်က  “ဧပြီလ ၁၂ ရက်နေ့က ရွာကနေထွက်သွားပြီး ချောင်းဝရွာနားကို ရောက်တယ်။ အဲဒီမှာ စစ်တပ်နဲ့ တွေ့ပြီး သူတို့နဲ့ပဲ နေရတယ်။ ဒီကနေ အပြင်ထွက်မယ်၊ မြို့ဘက်ကို သွားမယ်ဆိုတော့ သွားခွင့်မပေးဘူး။ ဒါနဲ့ပဲ ဧပြီ ၁၈ ရက်နေ့မှာတော့ လိုင်းနောင်းခူးကို မပြန်မနေရ ပြန်ရမယ်ဆိုပြီး လမ်းတဝက်အထိ လိုက်ပို့တယ်” လို့ ပြောပါတယ်။

ဒီလို ပြန်ကြတာနဲ့ ပတ်သက်လို့ လိုင်းနောင်းခူး(မံဝယ်) ဒေသဟာ အေးချမ်းလို့ ပြန်တာ ဖြစ်ပြီး ရွာသားတွေကို ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တခြားရွာတွေကို ဝေငှတဲ့ သတိပေးကြေညာချက် လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

တခြားရွာတွေ အနေနဲ့လည်း ကိုယ့်ရဲ့ရပ်ရွာကိုမစွန့်ဘဲ ကိုယ့်ဒေသမှာ ကိုယ်ပြန်နေထိုင်ရင် မံဝယ်ဒေသလို ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

လိုင်းနောင်းခူး (မံဝယ်)မှာ လူဦးရေ ၁၆၀ ဝန်းကျင်ရှိနေပြီး စားသောက်ရေးအတွက် ခက်ခဲတော့မယ် လို့ ဒေသခံတွေက ပြောပါတယ်။

“ဟိုတပတ်ကတော့ ထွေအုပ်က လာပေးထားတဲ့ ဆန်တွေ ဘာတွေ ရှိတယ်လေ။ ဒါပေမယ့် အခုက နည်းလာပြီ။ ဈေးဝယ်ဖို့လည်း ထွက်ခွင့်မပေးဘူး။ အနားမှာ စစ်တပ်ရှိပြီး သူတို့နဲ့ အတူနေသလို နေရတာ။ သူတို့က သွားခွင့်မပေးတာ။ ရွာသားတွေ အားလုံးကတော့ မလုံခြုံတဲ့ နေရာကနေ ထွက်သွားချင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

သူတို့ ရွာကနေ ထွက်ခွင့်ရဖို့ ကြက်ခြေနီ တပ်ဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ ဖားကန့် အုပ်ချုပ်ရေးပိုင်းတွေကို ဆက်သွယ်အကူအညီတောင်းခဲ့ပေမယ့် ဒီနေ့အထိ မထူးခြားဘူးလို့လည်း ဒေသခံ ရွာသားက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013