ယူကရိန်းနဲ့ ရုရှားတို့ ဖြစ်ပွားနေတဲ့ ၄ နှစ်တာ စစ်ပွဲဟာ နည်းပညာအဆင့်အတန်းအသစ်တခုကို ရောက်ရှိလာတာကြောင့် ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ဒရုန်းတွေရဲ့ပစ်မှတ် ဖြစ်လာခဲ့ပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုက်ခေးလို ဖယ်ဒယ်ရော့ဗ်က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပါးလ် ဂျွန်ဆင် နဲ့အတူ ကိယက်ဗ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းတောင်ပိုင်းကို ဆက်လက်သိမ်းပိုက်ဖို့နဲ့ အရှေ့ပိုင်းကို စစ်အင်အားတွေ ရွှေ့ပြောင်းဖို့အတွက် ရုရှားရဲ့ စစ်အခြေစိုက်စခန်းတခု ဖြစ်နေတာကြောင့် စစ်ရေးအရရော ရန်သူ့ ထောက်ပံ့ရေးလမ်းကြောင်းအရပါ ယူကရိန်းအတွက် အရေးပါတဲ့ ပစ်မှတ်တခု ဖြစ်ပါတယ်။
လက်ရှိမှာ ယူကရိန်းရဲ့ နည်းပညာတိုးတက်မှုတွေကြောင့် အခုလို စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်တာဖြစ်ပြီး ခရိုင်းမီးယားတင်မကဘဲ တခြားနေရာတွေမှာပါ စစ်ဆင်ရေးအသစ်တွေ လုပ်နိုင်ဖို့ နည်းပညာပိုင်းကို နေ့တိုင်း ပိုမြှင့်တင်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ဖယ်ဒယ်ရော့ဗ်က ပြောပါတယ်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပါးလ် ဂျွန်ဆင်ကလည်း ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဆွီဒင်ဟာ ယူကရိန်းရဲ့ စက်မှုလုပ်ငန်းနဲ့ စစ်သားတွေဆီကနေ အမြဲသင်ယူနေရပြီး ဒါဟာ ဆွီဒင်ရဲ့ လုံခြုံရေး အတွက်ပါ မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒါဟာ ယူကရိန်းကို ကူညီပံ့ပိုးပေးရုံတင်မဟုတ်ဘဲ ဥရောပတခုလုံးရဲ့ လုံခြုံရေးကိုပါ ကာကွယ်ပေးနေတဲ့ စစ်မှန်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
ခရိုင်းမီးယား အဝင်အထွက် ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ရေနံကဏ္ဍတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ ကာလရှည် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရုရှားခန့်အပ်ထားတဲ့ ခရိုင်းမီးယား အာဏာပိုင်တွေဟာ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ အရေးပေါ်အခြေအနေ ကြေညာထားရပြီး လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေကို စက်သုံးဆီရောင်းချမှု အားလုံးကိုပါ ရပ်ဆိုင်းထားရပါတယ်။
Source: Reuters











