မျက်မမြင်အကြောပြင်လုပ်ငန်းမှလွဲပြီး ကျန်အနှိပ်ခန်းလိုင်စင်များ ရန်ကုန်စည်ပင်ခွင့်မပြု

ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ်လုပ်ငန်းတွေ၊ မျက်မမြင်အကြောပြင်လုပ်ငန်းတွေ ကလွဲလို့ ကျန်တဲ့အနှိပ်ခန်းတွေကို စည်ပင်က ခွင့်ပြုမထားဘူးလို့ ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော် မှာ ဝန်ကြီးကပြောပါတယ်။
ရန်ကုန်တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ''ရန်ကုန်တိုင်းအတွင်း KTV၊ အနှိပ်ခန်း စတာတွေကို ဘယ်ဌာနတွေက ဘယ်လိုစည်းကမ်း၊ ခွင့်ပြုမိန့်တွေ ပေးနေတာလဲလို့ မေးမြန်းရာမှာ ဖြေကြား ခဲ့တာပါ။
တိုင်းစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက KTV လုပ်ငန်းတွေကို ရန်ကုန်တိုင်း ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီက ခွင့်ပြုပေးနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ဆံပင်ညှပ်နဲ့ မျက်နှာအလှပြင်ဆိုင်တွေ၊ ကျန်းမာရေးနဲ့ ခြေထောက်ဆေးစိမ် လုပ်ငန်းတွေ၊ မျက်မမြင်အကြောပြင်လုပ်ငန်းတွေကိုပဲ ခွင့်ပြုတာလို့ ပြောပါတယ်။
ပတ်ဝန်းကျင်က ကန့်ကွက်မှု ရှိ မရှိ၊ သီးသန့်အခန်းဖွဲ့ထားတာ ရှိ မရှိ၊ ဒီလုပ်ငန်းကလွဲပြီး ခွဲစိတ်တာ၊ ခန္ဓာကိုယ် အလှပြုပြင်တာ၊ ရေချိုးခန်းဖွင့်တာ၊ နင်းနှိပ်တာတို့ မလုပ်ကြောင်း ခံဝန်ပါရတယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အနှိပ်ခန်းလုပ်ငန်း လိုင်စင်တွေ ခွင့်ပြုထားတာ မရှိကြောင်းနဲ့ အလှပြင်ဆိုင်ကြော်ငြာတွေမှာလည်း မသ့င်လျော်တဲ့ စာသားတွေ မပါရှိစေရေး၊ ခွင့်ပြုချက်မဲ့ လုပ်ငန်းတွေ မလုပ်ကိုင်စေရေး စိစစ်ကြပ်မတ်နေတယ်လို့ လည်း ၀န်ကြီးက ပြောပါတယ်။











