
စစ်ကိုင်းတိုင်းရှိ မြို့နယ်တွေမှာ ဧပြီ ၂ ရက်ကနေ စတင်တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် နေအိမ်ပြိုကျပျက်စီးမှု၊ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့လို့ တိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကနေ တလအတွင်း ကျပ်သိန်း ၈၄,၁၂၉,၁၁၀ ထောက်ပံ့ခဲ့ရပါတယ်။
ဧပြီလအတွင်း စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမာပင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဟုမ္မလင်း၊ တန့်ဆည်၊ ကနီ စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
လေပြင်းကြောင့် အိမ်ထောင်စု ၁၉၇၂ စု လေဘေးသင့်ခဲ့ပြီး၊ တပိုင်းတစ ပျက်စီးတဲ့နေအိမ် ၁၈၉၁ အိမ်ရှိခဲ့ကာ ၇၂ အိမ်ကတော့ လုံးဝပျက်စီးခဲ့ပါသလို ဘုန်းကြီးကျောင်းအပါအဝင် ဘာသာရေးအဆောက်အဦ ၃၂ ခုလည်း လေဘေးသင့်ခဲ့ပါတယ်။
ယင်းမာပင် တမြို့နယ်ထဲမှာ အိမ်ခြေ ၅၆၀ လေဘေးသင့်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးနဲ့ ငွေကြေးထောက်ပံ့မှု စုစုပေါင်း ကျပ်သိန်း ၂၄၀ နီးပါး ထောက်ပံ့ပေးခဲ့ရပါတယ်။
ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေပြင်း တိုက်ခတ်၊ သစ်ပင်ကြီးတွေ လဲပြိုကျတဲ့အတွက် ဟုမ္မလင်းမြို့နယ်မှာ လူ ၂ ဦး သေဆုံးခဲ့သလို စစ်ကိုင်းမြို့နယ်မှာလည်း ၁ ဦး သေဆုံးခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာတော့ မိုးကြိုးပစ်လို့ လူ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
လေဘေးသင့် အိမ်ထောင်စုတွေကို အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၅ မျိုး၊ ၁၀ မျိုး အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးအနေနဲ့ ၂၂၇ သိန်းကျော်၊ ငွေကြေး ထောက်ပံ့မှုအနေနဲ့ ၆၁၃ သိန်းကျော် စုစုပေါင်း ကျပ်သိန်း ၈၄၀ ကျော် ထောက်ပံ့ပေးခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
သစ်တောပြုန်းတီးမှု၊ ရာသီဥတု ဖောက်ပြန်မှု၊ မြေပေါ်မြေအောက်သယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုတွေကြောင့် တနှစ်ထက်တနှစ် သဘာဝဘေးဒဏ်တွေ ပိုမိုခံစားလာရပြီး မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ်ကျရောက်မှု အဆိုးဝါးဆုံး နိုင်ငံတွေ စာရင်းမှာလည်း ပါဝင်နေပါတယ်။











