DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
May 2, 2018
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Donate to DVB

 

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်းနဲ့ စိန်ခေါ်မှုတွေကိုအဖြေရှာရာမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်ပြီး  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မေ ၁ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိအနေဖြင့် ယခုအချိန်သည် အရေးကြီးသည့် ပြောင်းလဲမှုအချိန်အခါ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း၊ မိမိတို့အနေဖြင့် နေအိမ်များ ဆုံးရှုံးခဲ့ သည့်သူများ ပြန်လည်ဝင်ရောက်လာစေရေးနှင့် အကြမ်းဖက်မှုများ၏ အခြေခံ အကြောင်းအရင်း များကို အဖြေရှာဆောင်ရွက် သွားနိုင်ရေးအတွက် အားသွန်ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံ ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခွင့် ရရှိခဲ့တာကို ကြိုဆိုတယ်၊ မြန်မာအစိုးရအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာ ဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်၊ အထူးသဖြင့် ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီတွေနဲ့ ရခိုင်ပြည်နယ်မှာ ထိတွေ့ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်တွေ လုံခြုံစွာနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်တွေကို အထောက်အကူဖြစ်စေမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့  ဆွေးနွေးနေတယ်လို့ လည်းသိရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ နှစ်ရက်ကြာမြန်မာပြည်ခရီးစဉ်အတွင်း နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ မနေ့ကတော့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည် လက်ခံရေး စခန်းနဲ့ လှဖိုးခေါင်၊ကြားစခန်းမှာ ပြန်လည်နေရာချထားရေးကိစ္စကို သွားရောက်ကြည့်ရှုခဲ့သလို ရွှေစားကျေးရွာက ရခိုင်- မွတ်ဆလင်- ဟိန္ဒူ- တွေနေထိုင်တဲ့ ကျေးရွာကို သွားရောက်ခဲ့ကြပါတယ်။

အဲ့ဒီကနေ့တဆင့် မောင်တောထွေအုပ်ရုံးကို သွားရောက်ခဲ့ပြီး အကြမ်းဖက်မှု တွေကြောင့် အသတ်ခံခဲ့ရတဲဟိန္ဒူ မိသားစုဝင်တွေနဲ့ တွေဆုံခဲ့ကာ ပန်းတောပြင်မွတ်ဆလင်ကျေးရွာကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

မောင်တောကအပြန်မှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်အဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ အပါအဝင် ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၃ဖွဲ့နဲ့လည်း ၁၀ မိနစ် ကျော်ကြာတွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ပြန်လည်နေရာချထားမယ့် နေရာတွေကို သွားရောက်လေ့လာခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ မေလ ၁ ရက်ညနေပိုင်းက နေပြည်တော်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့နေရာမှာ လုံခြုံမှု ရှိစေဖို့၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်သူတွေရဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့၊ ထွက်ပြေးသွားသူတွေ ပြန်လာနိုင်ရေး မြန်မာဘက်က အရှိန်မြှင့်လုပ်ဖို့ စတာတွေ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေက တိုက်တွန်းပြော သွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ  ဗြိတိန်သံအမတ်ကြီးကတော့  ရခိုင်ပြည်နယ် ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဘယ်သူတာဝန်ရှိလဲဆိုတာကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လုပ်ဖို့ နည်းလမ်း နှစ်ခုကို ကို အကြံပြုပြောသွားပါတယ်။

ပထမနည်းလမ်းတခုကတော့ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)က ကိုင်တွယ်စုံစမ်းဖို့နဲ့  ဒုတိယနည်းလမ်းကတော့ မြန်မာအစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းလှိုင်တို့ကို တွေ့ဆုံစဉ်မှာလည်း  ဒီအကြောင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အထောက်အထားအခိုင်အမာရှိရင် အစိုးရကိုပြောပြဖို့ ဒါမှ သေသေချာချာစုံစမ်းစစ်ဆေးတာတွေ လုပ်နိုင်မယ်လို့ တုန့်ပြန်ခဲ့ တယ်လို့လည်း ဗြိတိန်သံအမတ်ကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့မှာ ပီရူး၊ ပိုလန်၊ ကူဝိတ်နဲ့ ဗြိတိန်သံအမတ်တွေအပြင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တွေလည်း လိုက်ပါလာ တာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေနဲ့ အရင်သွားရောက်တွေ့ဆုံပြီးမှာ မြန်မာနိုင်ငံကို  လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - အောင်ကိုကိုလတ် (နေပြည်တော်)၊  ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013