DVB Logo
Home
မြန်မာသတင်း
ရိဒ်အသည်းပုံရေကန်စည်းကမ်းချက်များကို မကျေနပ်သည့် ဒေသခံများ ဆန္ဒပြမည်
DVB
·
May 1, 2018
ရိဒ်အသည်းပုံရေကန်စည်းကမ်းချက်များကို မကျေနပ်သည့် ဒေသခံများ ဆန္ဒပြမည်
Donate to DVB

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ (၇၆) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ကျောက်စာတိုင်ကို ဒေသခံတွေ သတ်မှတ်တဲ့နေရာမှာစိုက်ထူဖို့ ပြည်နယ်အစိုးရက ခွင့်မပြုခဲ့တာနဲ့  ရိဒ်ရေကန်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို မကျေနပ်လို့ ဒေသခံတွေကဆန္ဒပြကြဖို့ရှိနေပါတယ်။

လာမယ့်  မေလ ၇ ရက်မှာ ဒေသခံတွေက ချင်းပြည်နယ်အစိုးရကို ဆန္ဒပြဖို့ စီစဉ်နေတာဖြစ်တယ်လို့ ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာ က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်နေပါတယ်။ ခွင့်ပြုမိန့်ကို ဖလမ်းမြို့ ရဲတပ်ဖွဲ့ဆီ သွားတင်နေပါတယ်။ အခြေအနေကတော့ မသိရသေးပါဘူး။ ဖလမ်းရောက်ပြီးမှ ဘာတွေ ပြောင်းမလဲတော့ မပြောတတ်သေးဘူးပေါ့နော်။ ပြီးခဲ့တဲ့လက ကျနော်တို့ မြို့ရဲ့ စိန်ရတု ပွဲတော်ကို ကျင်းပသွားတယ်။ အဲ့ဒီမှာ အမှတ်တရကျောက်တိုင်စိုက်ဖို့ စီစဉ်ထားတယ်။ အဲ့ဒါကို ချင်းပြည်နယ်အစိုးရက ကျောက်တိုင်စိုက်မယ့် နေရာကိုခွင့်မပြုလို့ အဲ့ဒါကို ဆန္ဒဖော်ထုတ်ကြမှာ ဖြစ်တယ်။”

ရိခေါ်ဒါရ်မြို့ ရပ်ကွက်အမှတ် (၁) ကနေ ရိဒ်ရေကန်ကိုသွားတဲ့ လမ်းဘေးမှာ အမှတ်တရ စိန်ရတုကျောက်စာတိုင်ကို ဒေသခံတွေက စိုက်ထူဖို့ တောင်းဆိုထားပေမယ့်  လက်ရှိမှာ ပြည်နယ် အစိုးရက အဲ့ဒီနေရာမှာ စိုက်ထူ ခွင့်မပြုဘဲရှိနေတာပါ။

ဒါပေမယ့် ပြည်နယ်အစိုးရက ရိခေါ်ဒါရ်မြို့မှာ စည်ပင်ပန်းခြံတခုတည်ဖို့ စီစဉ်ထားပြီး အဲ့ဒီပန်းခြံမှာပဲ အမှတ်တရ ကျောက်တိုင်ကို စိုက်ထူဖို့ စီစဉ်နေတာဖြစ်ပြီး အဲ့ဒီနေရာဟာ လူသူဝေးတဲ့ တောဖြစ်တာကြောင့် ဒေသခံတွေကလက်မခံဘူးလို့သိရပါတယ်။

ဒါ့အပြင် ရိဒ်ရေကန်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ထုတ်ထားတဲ့ စည်းကမ်းချက် တွေကိုလည်း ကျေနပ်မှုမရှိတာကြောင့် ဆန္ဒဖော်ထုတ်သွားဖို့ ဒေသခံတွေက စီစဉ်နေကြတာပါ။

“အရင်ကတည်းက အစဉ်အလာလို ဖြစ်နေတဲ့ ရိဒ်ရေကန်မှာ ရိုးရာ ငါးဖမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒါတွေလဲ တားမြစ်ပိတ်ပင်သွားပြီ။ နောက်ပြီးတော့ ရိဒ်ရေကန်မှာ ထုံးစံအရ ရေကူးတာကိုလည်း ပိတ်တယ်။ နောက်ပြီးတော့ ရိဒ်ရေကန်ကို လာတဲ့ ဧည့်သည်တွေ အပျော်စီးထားတဲ့ စက်လှေတစ်စီးကိုလည်း ပိတ်ပင်တယ်။ နောက်ပြီး ရေကန်ဘေးက လယ်တွေကိုလည်း မစိုက်ခိုင်းတော့ပဲ အစားထိုးမြေနေရာရှာဖို့ ပြောတယ်” လို့ ဦးချန်လျန်နာက ဆက်ပြောပါတယ်။

ရိဒ်ရေကန်အတွက် ခုလိုတားမြစ်ချက်တွေဟာ ရေကန်အတွက် ဆိုးကျိုးမဖြစ်ပေမယ့် လှေစီးဖို့တားမြစ်တာ၊ ရေကူးတာနဲ့ ငါးဖမ်းတာကို တားမြစ်တာဟာ ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံ တိုင်းရင်းသားတို့ရဲ့ ရိုးရာအစဉ်အလာကို ထိခိုက်တာမို့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ခုလို ဆန္ဒဖော်ထုတ်သွားဖို့ စီစဉ်နေတာလို့ဆိုပါတယ်။

ရိဒ်ရေကန်ဟာ ဒေသရိုးရာ အခေါ် ၀ိညာဉ်ခြံစည်းရိုးပင်လို့ခေါ်တဲ့ မိုးမခပင်တွေ ပတ်လည်ဝိုင်းနေပြီး ပြည်တွင်းဧည့်သည်တွေ အနေနဲ့ နွေရာသီ သင်္ကြန်ကာလမှာ အများဆုံး လာရောက်လည်ပတ်တဲ့ အသည်းနှလုံးပုံ ချင်းပြည်အမှတ်အသားတခုလည်း ဖြစ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013