DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုး
DVB
·
May 1, 2018
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုး
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမ စာချုပ်ကို ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC)နဲ့  တရုတ်နိုင်ငံက   CCCC  စီလေးလုံး ကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။

လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး NYDC ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်နီလာကျော်၊ ဒုဥက္ကဋ္ဌ ဦးသိမ်းဝေနဲ့ CCCC ဥက္ကဋ္ဌ မစ္စတာချန်းဖန်ကျန်းတို့က  လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပါတယ်။

မြို့သစ်စီမံကိန်းကြီးတခုလုံးကို လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး သဘောတူညီချက်အရ  မြို့သစ်စီမံကိန်းရဲ့ လေ့လာဆန်းစစ်မှုကို မြန်မာဘက်ကနေ NYDC ကုမ္ပဏီကနေ တာဝန်ယူမှာဖြစ်ပြီး စီလေးလုံးကုမ္ပဏီနဲ့ မြေပြင်အခြေအနေကို လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်မှတ်ထိုးပွဲ အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက“ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ လိုအပ်သလို တဖက်ကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် မျှော်မှန်းပါတယ်။ ဒါ့အပြင် အခြေခံပြည်သူလူထုတွေအတွက် အခွင့်အလမ်းပေါင်းများစွာကိုရမယ့် စီမံကိန်းတခုအဖြစ်နဲ့ မျှော်မှန်းထားပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြီးခဲ့တဲ့ အစိုးရ သက်တမ်းကာလမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းမှာ လွှတ်တော်မှာ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ အညီ ဒီနေရာကို မြို့ပြစီမံကိန်းဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကနေ မြေလက်ရောက်ရယူနိုင်မှုနဲ့ မြေမူလပိုင်ဆိုင်သူတွေကို လျော်ကြေးပေးနိုင်ဖို့  စီစဉ်ဆောင်ရွက်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တရုတ်စီလေးလုံး ကုမ္ပဏီ ဥက္ကဋ္ဌကတော့ မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့ အတွက်အရေးပါတဲ့ စီမံကိန်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရတဲ့ အတွက် အရမ်းဂုဏ်ယူမိတယ်၊ စီလေးလုံးကုမ္ပဏီဟာ ကမ္ဘာမှာ တတိယအကြီးဆုံး  နိုင်ငံတကာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၁၄၈ နိုင်ငံရှိ ရုံးခွဲပေါင်း ၂၃၇ခုဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ အတွေ့အကြုံရှိ ကုမ္ပဏီဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပထမအဆင့် ဦးစားပေးလုပ်ဆောင်မယ့် အစီအစဉ်တွေထဲမှာ လယ်သမားတွေအတွက် ပြန်လည်နေရာချထားရေး ကျေးရွာ ၅ ရွာ ၊ စက်မှုဇုန်ဧရိယာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည်ရှိတဲ့အဓိကလမ်းမကြီးနဲ့ လမ်းသွယ်တွေ အပြင် လျှပ်စစ်မီး၊ ရေသန့်၊ ရေဆိုးသန့်စင်ရေးစနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ ပါဝင်တယ်လို့သိရပါတယ်။

ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013