DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးခံထားရသူ ကိုဖြိုးဝေအောင် အောက်ပိုင်းသေသလိုဖြစ်နေ
DVB
·
June 17, 2012
သေဒဏ်ပေးခံထားရသူ ကိုဖြိုးဝေအောင် အောက်ပိုင်းသေသလိုဖြစ်နေ
Donate to DVB

လွန်ခဲ့တဲ့ ၂ နှစ်က သင်္ကြန်ဗုံးခွဲမှုနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး သေဒဏ်ပေးခံထားရတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းကင်ဆာရောဂါကြောင့် အောက်ပိုင်းသေသလို ဖြစ်နေတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

[caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

မေလအတွင်းမှာပဲ ကိုဖြိုးဝေအောင်ရဲ့ အသည်းကင်ဆာာ ရောဂါအခြေအနေကို  ဆရာဝန်တွေက စမ်းသပ်ပြီးနောက် လပိုင်းလောက်ပဲနေရဖို့ ရှိတယ်လို့ ပြောတဲ့အကြောင်း ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်က ပြောခဲ့ပါတယ်။

အခုတော့ ရောဂါကြောင့် အောက်ပိုင်းသေသလို ဖြစ်နေပြီး၊ ထောင်အပြင် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့  ဇနီးဖြစ်သူက မဌေးဌေးက ပြောပါတယ်။

ကိုဖြိုးဝေအောင်ရဲ့ နောက်ဆုံး အခြေအနေကို သိရအောင် သူ့ဇနီးဖြစ်တဲ့ မဌေးဌေးကို မေးမြန်းထားပါတယ်။

“ကျမက အခုဆေးရုံးတင်ထားရတော့ နေ့တိုင်းပြုစုရတယ်။ ညနေပြန်တာပေါ့။ မိသားစုပြုစုခွင့်တော့ရတယ်။ အပြင်လူတော့ တွေ့ခွင့်မရှိဘူး။ အခြေအနေက ကျောရိုးကို ကင်ဆာဆဲလ်တွေက သွားထိတဲ့အတွက် အောက်ပိုင်းမလှုပ်နိုင်ဘူးဖြစ်သွားတယ်။ အခုတော့ ဓာတ်ကင်နေတယ်။ ပြန်ကောင်း မကောင်း မသိသေးပါဘူး။”

သူ့ကြည့်ရတာ ဘယ်လိုနေလဲဗျ။ အမနေ့တိုင်းသွားနေတော့လေ။

“သူရောဂါဖြစ်တဲ့အချိန်မှာ သူစိတ်ကတော့ တင်းပြီးနေတာပေါ့။ ကျမတို့ကလည်း မပြောဘူး။ သူ့ကို ကပ်ပေးထားတဲ့ ပလာစတာတွေဆိုရင်လည်း အထုံအထိုင်း နာကျင်မှုပျောက်အောင် ပေးရတဲ့ ကင်ဆာအတွက် ဆေးတွေပေါ့။ ဒါကို သူမသိဘူး။ သူ ဒါတွေကို ကပ်တယ်။ လူကောင်းတယောက်လိုပဲ သူပျောက်မယ်ဆိုတဲ့ မျှော်လင့်ချက် သူ့မှာရှိတယ်။”

သူကင်ဆာဆိုတာ မသိဘူးပေါ့။

“အသည်းကင်ဆာဆိုတာတော့ သိတယ်။ ကျောရိုးထိတယ်။ ခါးရိုးထိတယ်။ ဒါပေမယ့် ကျမတို့က ကုလို့ရတယ်လို့ပြောထားတာပေါ့။”

အခု သူ့ကို ဘယ်ဆရာဝန်တွေက တာဝန်ယူ ကုပေးနေလဲဗျ။

“အခု အင်းစိန်ဆေးရုံက ကုပေးပါတယ်။ ဆေးရုံက ဆေးရုံအုပ်ကြီးအပါအ၀င် ဆရာဝန်ကြီးတွေ ကောင်းကြပါတယ်။ အကျဉ်းသားလူနာလာရင် လူနာရဲ့ ကုန်ကျစရိတ်ကို ထောင်ကပေးရမှာပေါ့။ ထောင်ကမပေးရင် သူတို့လုပ်ရတာ နှောင့်နှေးတာပေါ့။ အခုတော့ ကျမတို့က စတက်ကတည်းက ကိုယ့်ဘာသာပေးမယ်ပေါ့။ တနေ့တာ ကုန်ကျစရိတ်က ၂ သောင်းခွဲလောက် ရှိတယ်။ ဆေးဖိုးချည်းပဲ။ ထောင်ကတော့ ကုန်ကျစရိတ်မပေးဘူး။ ဘာမှလည်းလာမမေးဘူး။ ဆရာဝန်ကြီးတွေက ကျမတို့ လုပ်လို့ရနိုင်တဲ့အပေါ်မှာတော့ အကုန်လုပ်ပေးနေပါတယ်။”

အခုရော သံခြေကျင်းနဲ့ပဲပေါ့။

“သံကြိုးချည်ထားတယ်။ သော့ခလောက် ခတ်ထားတယ်။ အခန်းတံခါးလည်း သော့ပိတ်ထားတယ်။ သူတို့က အပြင်လူဝင်လာမှာကြောက်တယ်။ စိစစ်တယ်ပေါ့။ ကျမတို့ကလည်း အခုမိသားစုပဲ အပြင်လူမပါ ပါဘူး။ ပြုစုခွင့်ရတာပေါ့ အရင်အနေအထားထက်စာရင်တော့။ နောက်ဆုံး သေခါနီးလူဖြစ်လို့ ပေးတာလားတော့ မသိဘူးပေါ့။”

အခုက အောက်ပိုင်းက လှုပ်လို့မရတော့တဲ့ အနေအထားမျိုးလား။

“ကျောရိုးမှာရှိတဲ့ အရိုး ၂ခုကို ထိသွားတယ်။ နံပါတ် ၈နဲ့ ၉ပေါ့။ ထိသွားတော့ အောက်ပိုင်းသေသွားတယ်။ အာရုံကြောတွေကို ဆိုးဆိုးဝါးဝါး မစားသွားရင်တော့ အခု ဓာတ်ကင်လိုက်မယ်။ ဓာတ်ကင်လိုက်လို့ ကောင်းသွားရင်တော့ လမ်းပြန်လျှောက်ရင် လျှောက်နိုင်မယ်။ ဒါကြောင့် ဓာတ်ကင်နေတယ်။ ဓာတ်ကင်တာလည်း အဆင်ပြေပါတယ်။ စောင့်ရတာတွေ ဘာတွေမရှိဘူး။ မနက်ဖြန်ဆိုရင် ၅ရက်ရှိပြီ။ လောလောဆယ်တော့ သူကလှုပ်လို့မရဘူး။ ခြေမလေးတချောင်းတောင် လှုပ်ခိုင်းလို့မရဘူး။”

သူအမြဲတမ်း လှဲနေရလား။ တွန်းလှည်းနဲ့လား။ ဘယ်လိုပါလဲ။

“ကျမတို့ကတော့ သူစိတ်ဓာတ်မကျအောင် ကျမတို့က သူထိုင်ချင်တယ်ဆို ထိုင်ပေးတယ်။ သူ့ကိုတွဲပေးတာပေါ့။ သူအဆင်ပြေအောင် လုပ်ပေးတယ်။ အဓိကက သူမလှုပ်နိုင်ဘူးဆိုပြီး အိပ်ရာထဲလဲသွားမှာကိုလည်း ကိုယ်ကမဖြစ်ချင်တော့ ကိုယ်ကလုပ်ပေးရတာပေါ့။”

သူ့ကိုယ်တိုင်ကတော့ ခြေမတောင် မလှုပ်နိုင်ဘူးပေါ့။

“မလှုပ်နိုင်တော့ နည်းနည်းတော့ စိတ်ဓာတ်ကျတာပေါ့။ မနေ့ကဆို ကျမတော်တော် စိတ်မကောင်းဘူး။ သူက တနေကုန် မထတော့ဘူး။ ဘာလို့ မထလဲဆိုတော့ တွဲတဲ့လူတွေ အလုပ်ရှုပ်လို့တဲ့။ ရတယ် ထိုင်ရမယ် ထရမယ်လို့ ကျမတော့ ပြောတာပေါ့။ တခါ တခါကျလည်း သူစိတ်ညစ်တယ်နဲ့ တူပါတယ်။”

နာကျင်တဲ့ ဝေဒနာတွေ ဘာတွေခံစားရလား။

“အခုတော့ ကင်ဆာနာကျင်ကိုက်ခဲတာတွေအတွက် ဆေးတွေတော့ ထိုးတယ်။ ပလာစတာကပ်တယ်။ ပလာစတာတခုဆိုရင် တပတ်ခံတယ်၊ တခုကို ၇သောင်းတောင်ပေးရတယ်။ အဲ့တော့ နာကျင်တာတွေက လှုပ်ရင်တော့ နည်းနည်းနာမယ်။ ဒါပေမယ့် အတွင်းထဲကနေ နာကျင်ပြီး မခံစားရတော့ဘူးပေါ့။”

ကိုဖြိုးဝေအောင်ဟာ အခုဆိုရင် အင်းစိန် ဆေးရုံပေါ် ရောက်နေတာ ၁ လနီးပါး ရှိနေပြီလို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေအောင်ကို ၂၀၁၀ ဧပြီ သင်္ကြန်ကာလ X2O မဏ္ဍပ် ဗုံးပေါက်မှုမှာ တာဝန်ရှိတယ်ဆိုပြိး မေလဆန်းပိုင်းက သေဒဏ်ချထားတာပါ။

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ကိုဖြိုးဝေအောင်ဟာ မှားယွင်းစွပ်စွဲခံရပြီး အပြစ်ဒဏ်ချခံထားရတာဖြစ်လို့ အခုလို ကျန်းမာရေး ဆိုးရွားနေတဲ့ အခြေအနေမှာ သူ့ကို ပြန်လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို ပြီးခဲ့တဲ့လက အိတ်ဖွင့်ပေးစာနဲ့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013