ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ မောင်တောဒေသကိုသွားရောက်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ မနက် ၉ နာရီခွဲက ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကိုရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော ဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်အဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ လေဆိပ်မှာ တနာရီကြာ တွေ့ဆုံမှုတွေ ပြုလုပ်ကြပြီးနောက် ထွက်ခွာသွားကြတာပါ။
လုံခြုံရေးကောင်စီ သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးမှာ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ကနေပြည်တော်မှာ တွေ့ဆုံခဲ့သလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်အဖွဲ့တွေဟာ ဒီကနေ့ ညနေ ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးလာသူ တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို











