DVB Logo
Home
မြန်မာသတင်း
ချောင်းသာယာအပန်းဖြေစခန်းအနီး မြေပြိုကျမှု မဖြစ်စေရေး ကိုယ်ထူကိုယ်ထ ထိန်းသိမ်း
DVB
·
May 1, 2018
ချောင်းသာယာအပန်းဖြေစခန်းအနီး မြေပြိုကျမှု မဖြစ်စေရေး ကိုယ်ထူကိုယ်ထ ထိန်းသိမ်း
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ချောင်းသာယာ အပန်းဖြေစခန်းအနီးမှာ မြေပြိုကျမှု အခြေအနေ ဖြစ်ပေါ်နေတာကြောင့် အခုလ ဒုတိယအပတ်က စတင်ပြီး ဒေသခံတွေက ကိုယ်ထူကိုယ်ထ မြေထိန်းနံရံ ပြုလုပ်နေကြပါတယ်။

ရေကြောင်း ပြောင်းလဲလာမှုကြောင့် အရင်နှစ်က ပေ ၂၀ ကျော်လောက်မှာ ချောင်းရဲ့ အောက်ခြေမြေသား လှိုက်စားပြိုကျခဲ့ပြီး အခုနှစ်မှာ ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေရတာလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ချောင်းသာယာဖွံ့ဖြိုးရေးကော်မတီဝင် ဦးဝင်းရွှေက “လက်ရှိ နိုင်သလောက်ပဲ လုပ်နိုင်တဲ့ အနေအထားပါ။ အတက်အဆင်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းကို အဓိကထားလုပ်နေပါတယ်။ မနှစ်ကဆိုရင် တော်တော်လေး ပြိုသွားတယ်။ ထပ်ပြီးပြိုကျမယ့် အခြေအနေ ဖြစ်နေလို့ အခု ဒီမှာရှိတဲ့ လှေသမားတွေ၊ ဈေးဆိုင်တွေကရတဲ့ ရန်ပုံငွေတွေနဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတာပါ” လို့ ဒီဗွီကို ပြောပါတယ်။

အပန်းဖြေစခန်းမှာ ရေကူးအပန်းဖြေတာ၊ မြစ်နဲ့ချောင်းဆုံရာအရပ်မှာ တည်ထားတဲ့ ချောင်းနှစ်ခွ ရေလယ်စေတီကို လှေနဲ့သွားပြီး ပတ်ဝန်းကျင် တောတောင်သဘာဝအလှ ရှုခင်းတွေ ကြည့်ရှုတာနဲ့ ရှေးသမိုင်းကြောင်းတွေအရ ရောဂါဝေဒနာ ပျောက်ကင်းတယ်လို့ အဆိုရှိတာတွေကြောင့် အခါကြီးရက်ကြီးတွေမှာ ပြည်တွင်း ပြည်ပ ခရီးသည် ထောင်နဲ့ချီ လာရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။

ကျောက်စီမြေထိန်းနံရံနဲ့ အပေါ်ယံကွန်ကရစ် မွန်းမံပြီး  ပေ ၈၀ ကျော်လောက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ  ပေ ၅၀ ကျော် ပြီးစီးနေပြီး ပစ္စည်းဖိုး ငွေကျပ် သိန်း ၃၀ ကျော်ကုန်ကျခဲ့ပြီး ဖြစ်တယ်လို့ ချောင်းသာယာလှပရေးကော်မတီဝင် ကိုကျော်ဝင်းက ပြောပါတယ်။

ကျောင်းရွာကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်သန်းက “ချောင်းက ရေကြောင်း နည်းနည်းပြောင်းလာတယ်။ ကမ်းကို ထိုးဖြိုလာတော့ ရွာဘက်ခြမ်းကမ်းက ပြိုလာနိုင်တဲ့ အနေအထားကို ကာကွယ်တဲ့အနေနဲ့ စက်အကူအညီ၊ ဒေသက မီးသတ်၊ ပြည်သူ့စစ်၊ ဒေသခံတွေ ပေါင်းပြီး လုပ်နေတာပေါ့” လို့ပြောပါတယ်။

အဲဒီအပန်းဖြေစခန်းမှာ ဒေသတွင်း အစားအစာတွေ ရောင်းချတဲ့ ဆိုင်ခန်း ၂၁ ခန်းရှိပါတယ်။ ချောင်းရိုးတလျှောက် ရှုခင်းကြည့်ရှုတာနဲ့ မြစ်နဲ့ချောင်းဆုံရာ ချောင်းနှစ်ခွမှာ တည်ထားတဲ့ စေတီတော်ကို သွားရောက်ဖူးမြော်ဖို့အတွက် လှေစီးရေ ၆၅ စီး ပြေးဆွဲပေးနေပြီး နေ့စဉ် လူ ၂၀၀ ကျော် လာရောက်လည်ပတ်အပန်းဖြေလေ့ရှိပါတယ်။

သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - AM , TT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013