DVB Logo
Home
မြန်မာသတင်း
အဓမ္မခိုင်းစေမှု ပပျောက်ရေးအလှမ်းမဝေးတော့ဟု သမ္မတဦးဝင်းမြင့် မေဒေးနေ့တွင်ပြောကြား
DVB
·
May 1, 2018
အဓမ္မခိုင်းစေမှု ပပျောက်ရေးအလှမ်းမဝေးတော့ဟု သမ္မတဦးဝင်းမြင့် မေဒေးနေ့တွင်ပြောကြား
Donate to DVB

 

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေး အလှမ်းမဝေးတော့ဘူးလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့  မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။

“အဓမ္မခိုင်းစေမှုပပျောက်ရေးနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကြောင့် ပြည်သူလူထုနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ပိုမိုသိမြင်လာပြီး နိုင်ငံရဲ့စီးပွားရေး အခြေအနေကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အဓမ္မခိုင်းစေမှု/ မလုပ်မနေရ ခိုင်းစေမှုဆိုတဲ့ ကိစ္စရပ်တွေဟာ နိုင်ငံအတွင်းမှာ တဖြည်းဖြည်း လျော့ပါးလာနေပြီဖြစ်လို့ မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေး အလှမ်းမဝေးတော့ကြောင်း အသိပေးလိုပါတယ်။”လို့ သမ္မတဦးဝင်းမြင့်ကပြောပါတယ်။

အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၁၈ ကို အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် ကလေး အလုပ်သမား ပပျောက်ရေးအတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ လည်းသမ္မတက ပြောပါတယ်။

ဒါ့အပြင်အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ဆောင်ကြဉ်း ပေးနိုင်ဖို့အတွက် အလုပ်သမားဥပဒေတွေ ပြင်ဆင်အသစ်ပြဋ္ဌာန်းတာ၊ အလုပ်သမားတွေရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့နဲ့ ကျွမ်းကျင်မှုရှိလာစေဖို့ နည်းပညာနဲ့ သက်မွေးသင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ပြီး ASEAN အဆင့် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိစေဖို့ နိုင်ငံတစ်ဝန်းမှာ အလုပ်အကိုင် ရှာဖွေရေးရုံး (၈၃) ရုံး ဖွင့်လှစ် ဆောင်ရွက်ပေးနေပြီး ရွေ့ပြောင်းအလုပ်သမားတွေအတွက်လည်း  ထိုင်း၊ မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာ အလုပ်သမားသံအရာရှိတွေ ခန့်ထားကာ အလုပ်သမားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိစေဖို့ ဆောင်ရွက်ပေးနေတယ်လို့ သမ္မတကပြောပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေအရ ၂၀၁၅ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားကို (၂) နှစ် တစ်ကြိမ် ပြင်ဆင် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေရာမှာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ သုံးပွင့်ဆိုင် ကော်မတီတွေရဲ့ တွေ့ရှိချက်များကို အခြေခံပြီး သတ်မှတ်ထားတဲ့ အလုပ်သမားတွေရသင့်တဲ့ အနည်းဆုံး အခကြေးငွေနှုန်းထား အသစ်တစ်ရပ်ကို မကြာမီ ထုတ်ပြန်နိုင်တော့မယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဆယ်စုနှစ်များစွာ ဖွဲ့စည်းခွင့် မရရှိခဲ့တဲ့ အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ခွင့်ကို ရရှိနေပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း (၂၇၇၂) ဖွဲ့ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုမိုပေါ်ထွက်လာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး၊ လူမှုဖူလုံရေးစနစ် အကျုံးဝင်မှုတွေ တိုးချဲ့လာနိုင်ရေး စတာတွေအတွက် အစိုးရကရည်မှန်းဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်းရှိ အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတက တိုက်တွန်း ပါတယ်။

မေလ ၁ရက်နေ့မှာ ကျရောက်တဲ့  မေဒေး ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပကြသလို မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပလေ့ရှိပြီး အလုပ်သမားကိုယ်စားပြုအဖွဲ့အစည်းတွေက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တောင်းဆိုကြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013