DVB Logo
Home
မေးမြန်းခန်း
နယ်မြေစိုးမိုးရေးကိစ္စကြောင့် အက်စ်အက်စ်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ
DVB
·
June 17, 2012
နယ်မြေစိုးမိုးရေးကိစ္စကြောင့် အက်စ်အက်စ်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ
Donate to DVB

နယ်မြေသတ်မှတ်တာတွေ ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ)နဲ့ အစိုးရတပ်တွေ အောက်ခြေမှာ တိုက်ပွဲတွေဖြစ်နေပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ရှမ်းတပ်ရဲ့ တပ်မှူးတဦးက ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ် အင်အား ၁၀၀ ကျော်က သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်ထဲက အက်စ်အက်စ်အေရဲ့ တပ်စခန်းကို တိုက်ခိုက် မီးရှို့ပစ်လိုက်တဲ့အကြောင်း အက်စ်အက်စ်အေ တပ်မှူး ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

ဒါဟာ အစိုးရနဲ့ အက်စ်အက်စ်အေ ငြိမ်းချမ်းရေးပဏာမအဆင့် သဘောတူညီမှု နောက်ပိုင်း နယ်မြေပိုင်နက်နဲ့ ပတ်သက်လို့ အောက်ခြေတပ်တွေကြားမှာ နောက်ထပ် ထိပ်တိုက်တွေ့မှုဖြစ်ပါတယ်။

အက်စ်အက်စ်အေတပ်တွေကို အဲဒီနယ်မြေက ထွက်သွားဖို့ အစိုးရတပ်တွေက တောင်းဆိုပြီးနောက် အက်စ်အက်စ်အေဘက်ကလည်း တပ်ဆုတ်ဖို့ စီစဉ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ အတိုက်ခံရတာလို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပြပါတယ်။

ဒီလိုအောက်ခြေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးနိုင်ရေးမှာ အခက်အခဲဖြစ်နိုင်တယ်လို့ အက်စ်အက်စ်အေ တပ်မှူး ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

မနေ့ကဖြစ်တဲ့နေရာက အက်စ်အက်စ်အေ စခန်းချထားတာ ကြာပြီလား။

“အဲဒီနားတ၀ိုက်မှာ ကျနော်တို့နေတာ ကြာပါပြီ။”

သူတို့ကဘာလို့ လာရွှေ့ခိုင်းတာလဲ။

“ရွှေ့ခိုင်းတဲ့အကြောင်းကြားစာ ဗဟိုကရရချင်း ကျနော်တို့က ရွှေ့ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒါပေမယ့် အောက်ခြေအပိုင်းက တဖြည်းဖြည်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စမဟုတ်တော့ တညနှစ်ည ထပ်နေပြီးတော့ ရွှေ့ဖို့လုပ်နေတယ်။ မရွှေ့ခင်မှာ ၀င်တိုက်တာပဲ။”

ဘယ်သူက ဘယ်နေရာမှာနေရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိနေပြီလား။ ဒါမှမဟုတ်၊ အတည်တကျ ဖြစ်နေပြီလား။

“ဘယ်သူဘယ်ဝါက ဘယ်နေရာမှာ နေရမယ်ဆိုတာ ကျနော်တို့ သတ်မှတ်ပေးထားတာ မရှိပါဘူး။ ကျနော်တို့ သဘောတူညီချက် ရထားတာတော့ မြို့ထဲမဟုတ်တဲ့နေရာတွေမှာ ကျနော်တို့ လှုပ်ရှားသွားလာလို့ ရပါတယ်။ သဘောတူညီချက်တွေ ရရှိထားတယ်။ ဒါကြောင့် ကျနော်တို့ ကျေးလက်တောရွာတွေမှာ မြို့ထဲမဟုတ်တဲ့နေရာတွေမှာ ကျနော်တို့ လှုပ်ရှားသွားလာပြီးတော့ စခန်းထိုင်တာတွေ၊ စခန်းချတာတွေရှိတာပေါ့။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတိုင်းပဲ ကျနော်တို့ ရပ်နေတာပဲ ဖြစ်ပါတယ်။”

ပစ်ခတ်ပြီး စခန်းမီးရှို့တဲ့အထိ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ခုနလို အခုလက်ရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ်မှာ အကျိုးသက်ရောက်မှုများ ရှိမလားဗိုလ်မှူး။

“ကျနော်တို့ အပေါ်ပိုင်းမှာ ရှင်းလို့ရတဲ့ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ပြောလို့ဆိုလို့ရတဲ့ ကိစ္စတွေလည်း ဖြစ်တယ်။ အောက်ခြေပိုင်းကို ကျနော်တို့ အက်စ်အက်စ်အေကို ဘာလို့ တိုက်ခွင့်ပြုတာလဲ။ အဲဒီလုပ်ရပ်ဟာ အခုငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အချိန်မှာ လိုအပ်နေတဲ့ ယုံကြည်မှုတည်ဆောက်မှုကို ထိခိုက်နိုင်တာတော့ ရှိပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာ အလွန်မှ အရေးပါအရာရောက်ပါတယ်။ လက်ရှိကာလမှာ အဲဒီယုံကြည်မှုကို ကျနော်တို့ တည်ဆောက်လို့ မရဘူးဆိုရင်လည်း ငြိမ်းချမ်းရေးကိုလည်း ဘယ်လိုလုပ်ပြီး တည်ဆောက်နိုင်မလဲ ဆိုတာ ကျနော်တို့လည်း စိတ်ထဲမှာ သံသယ ဖြစ်မိပါတယ်။”

ဗိုလ်မှူးခုနပြောသလို အက်စ်အက်စ်အေ တပ်တွေက မြို့ထဲမဟုတ်တဲ့ နေရာတွေမှာ သွားခွင့်လာခွင့် ခွင့်ပြုထားတဲ့ သဘောတူညီချက်မှာပါတယ်။ အခုလိုမျိုး အောက်ခြေမှာက တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ နောက်မှာကော ဆက်ဖြစ်နိုင်ခြေ ဖြစ်မလာနိုင်ဘူးလားခင်ဗျ။ ဒီကိစ္စကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။

“ကျနော်တို့ကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ နောက်နောင်လည်း အဲလိုမျိုးတွေ အလားတူမဖြစ်ဖို့ ကျနော်တို့လိုလားတယ်။ မဖြစ်အောင်တော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ တပ်တွေကို ထိန်းဖို့ဆိုတာ အစိုးရမှာပဲ အာဏာရှိတာပဲ။ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေး တဲ့ နောက်ဆုံးအကြိမ်မှာလည်း စစ်ဦးစီးချုပ်ကိုယ်တိုင်လည်းပါတယ်။ ဗိုလ်ချုပ်စိုးဝင်း ကိုယ်တိုင်ကလည်း ပါတယ်ဆိုတော့ အောက်ခြေတပ်တွေက ဘာဖြစ်လို့ တိုက်ခိုက်ခွင့် ရရှိထားတာလဲ။ ကျနော်တို့လည်း သံသယ ဖြစ်ပါတယ်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို ဖြေရှင်းပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013