
ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ အမှန်တရားထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပါတယ်။
ခုလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အကြောင်းကို ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီး ဒေါ်တူးတူးကို ဧပြီ ၂၉ ရက်နေ့မှာ သက်ဆိုင်ရာက အကြောင်းကြားခဲ့တယ်လို့ ဒေါ်တူးတူးက ဒီဗွီဘီကို ပြောပါတယ်။
အခုလိုထောင်ဒဏ်ချမှတ်ခံရတဲ့ ဒုရဲမှူးမိုးရန်နိုင်ကို မိသားစုဝင်တွေက တွေ့ဆုံဖို့ ကြိုးစားကြ ပေမယ့် တွေ့ဆုံခွင့်မရသေးတာကြောင့် ရိုက်တာသတင်းထောက်တွေကို ရုံးထုတ်တဲ့ နေ့မှာ လာရောက်တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဒုရဲမှူး မိုးရန်နိုင်ရဲ့ဇနီးက ပြောပါတယ်။
နေပြည်တော်ရဲတပ်ဖွဲ့က ရဲမှူးကြီး မျိုးသူစိုးကတော့ ဒုရဲမှူး မိုးရန်နိုင်ကို ရဲတပ်ရင်း ၈ မှာ ချုပ်ထားပြီး မိသားစုသွားရောက်တွေ့ဆုံနိုင်တယ်လို့ ပြောပေမယ့် တကယ်တမ်းသွားရောက် တွေ့ဆုံတဲ့အခါမှာ ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရဘဲ တပ်ရင်းဂိတ်က တာဝန်ကျရဲနဲ့ပဲတွေ့ခဲ့ရတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူရဲဝင်းနိုင်က ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌကတော့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို တွေ့ဆုံခွင့်တောင်းထားတဲ့အတွက် သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။











