
ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ ပရီမီယံဒီဇယ်ဟာ တလီတာကို ကျပ် ၇,၇၀၀ ကျော်အထိ မြင့်တက်လာပြီး တလဝန်းကျင်အတွင်းမှာ ၁၇၀ ရာခိုင်နှုန်းကျော်အထိ တက်လာပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီကြီးကြပ်ရေးကော်မတီက အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းအရ ဧပြီ ၁၀ ရက် ဒီကနေ့ ပရီမီယံဒီဇယ်ဈေးနှုန်းက တလီတာကို ၇,၇၅၅ ကျပ် အထိ ရောက်လာပြီး တပတ်အတွင်း ကျပ် ၁,၀၀၀ နီးပါး ထပ်မံမြင့်တက်ခဲ့တာပါ။
အလားတူ သာမန်ဒီဇယ်ဈေးနှုန်းကလည်း တလီတာကို ၆,၄၈၅ ကျပ် ဖြစ်လာပြီး တပတ်အတွင်း ၈၀၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။
92 Ron နဲ့ 95 Ron ဓာတ်ဆီဈေးနှုန်းတွေကလည်း တလီတာကို ၄,၇၃၅ ကျပ်နဲ့ ၄,၉၄၅ ကျပ် အသီးသီးဖြစ်လာပြီး တပတ်အတွင်း ကျပ် ၁၀၀ ကျော်ကနေ ၁၆၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လအစပိုင်းနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာတာဖြစ်ပြီး ပရီမီယံဒီဇယ် ဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်က ကျပ် ၂,၈၄၅ ရှိခဲ့ရာကနေ တလကျော်အတွင်း ၁၇၀ ရာခိုင်နှုန်းကျော်အထိ ထိုးတက်သွားပါတယ်။
အခုလို ကုန်စည်ပို့ဆောင်ရေးမှာ အဓိကသုံးတဲ့ ဒီဇယ်ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ တက်လာတာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းနဲ့ အခြေခံစားသောက်ကုန်စရိတ်တွေအပေါ် ထပ်ဆင့်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ဒီလိုအခြေအနေအပေါ် စစ်ကောင်စီ တာဝန်ရှိသူတွေကတော့ စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်တာကြောင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် အကုန်အကျ သက်သာမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ ပြည်သူတွေဟာ ဆီတခါဖြည့်ဖို့ နာရီပေါင်းများစွာ တန်းစီနေရသလို အချိန်မပေးနိုင်သူတွေအတွက် ‘အငှားတန်းစီပေးတဲ့ ဝန်ဆောင်မှု’ တွေတောင် ပေါ်ပေါက်လာနေပါတယ်။
ဒါဟာ အလုပ်လုပ်ရမဲ့ အချိန်တွေကို ဆုံးရှုံးစေသလို လုပ်ငန်းတွေ ရာနှုန်းပြည့် လည်ပတ်ဖို့အတွက်လည်း အဟန့်အတား ဖြစ်စေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ဆိုပါတယ်။










