
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ဧပြီ ၂၉ ရက်ညက လေပြင်းတိုက်ခဲ့တဲ့အတွက် အိမ်အလုံးပေါင်း ၄၀ ကျော် ပျက်စီးခဲ့ပါတယ်။
အောင်သပြေကျေးရွာနေ ဒေါ်ကြီးစန်းက “ညပိုင်း ၇နာရီကျော်ကျော်လောက်မှာ မထင်မှတ်ဘဲ မိုးရော လေရောကျခဲ့တာ။ ကျမတို့ ဘာမှကို သိမ်းချိန်မရလိုက်ဘူး။ ဆိုလာပြားတွေ ဆိုလည်း လွင့်ကုန်တော့ ကလေးတွေက ကြောက်ပြီး ငိုကြတာ။ ကျမတို့လည်း ကြောက်တာပေါ့။ အိမ်အမိုးတွေကလည်းလွင့်ကုန်၊ မီးကလည်း ဆိုလာသုံးရတာဆိုတော့ မီးက မရှိနဲ့ ကြောက်လိုက်တာလွန်ရော အိမ်အလုံး ၂၀လောက် ပျက်စီးပြီး စည်သာဖုန်းကျောင်းတိုက် အတွင်းက လေကမာန်အောင်စေတီတော် ထီးတော်လည်း ကျိုးကြခဲ့သလို ဆိတ်တစ်ကောင် သေသွားရတယ်”လို့ ပြောပါတယ်။
လေဘေးကြောင့် အပျက်အစီးတွေကို အမှတ် ၅ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးနိုင်ထွန်းအေးဦးစီးပြီး အင်အား ၃၀ ကျော်နဲ့ အတူဒေသခံကျေးရွာသူကျေးရွာသားများနဲ့ ဝိုင်းဝန်းကူညီရှင်းလင်းပေးခဲ့ကြပါတယ်။











