DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင်ကြက်ခြံ အနံ့ဆိုးကိစ္စ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဒေသခံများ တွေ့ဆုံ
DVB
·
April 30, 2018
ဝမ်ပေါင်ကြက်ခြံ အနံ့ဆိုးကိစ္စ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဒေသခံများ တွေ့ဆုံ
Donate to DVB

တရုတ် ဝမ်ပေါင်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့  မွေးမြူရေး ကြက်ခြံကနေ အနံ့ဆိုးတွေ နံတဲ့ကိစ္စနဲ့ ပတ်သက်လို့  စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းနဲ့ ဒေသခံတွေ ဒီကနေ့ မနက်က တွေ့ဆုံဆွေးနွေးပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ ဒေသခံတွေအတွက် အသေးစားလုပ်ငန်းအဖြစ် ကြက်မွေးမြူရေးခြံနဲ့  ကြက်ချေးမြေသြဇာ ထုတ်လုပ်တဲ့စက်ရုံကို ၂၀၁၇ ခုနှစ်ကတည်းက တည်ထောင်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းက လူနည်းစုအတွက်သာဖြစ်ပြီး ဒေသခံအများစု အကျိုးခံစားခွင့် မရှိဘဲ ဖြစ်နေတဲ့အပြင် ကြက်ခြံကထွက်ရှိတဲ့ အနံ့အသက်ဆိုးတွေကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို ကျန်းမာရေးအရရော၊ စိတ်အနှောင့်အယှက်ပါ ဖြစ်စေတဲ့အတွက် လွတ်ရာ ရွှေ့ပြောင်းပေးရေးတို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ရွာသားတွေက အကြိမ်ကြိမ် တင်ပြတောင်းဆိုနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီကို တိုင်ကြားခဲ့တဲ့အတွက် ရေးရာကော်မတီက မတ်လ ဒုတိယပတ်မှာ ကွင်းဆင်းပြီး ရပ်နားထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ကုမ္ပဏီကတော့ မြေသြဇာစက်ရုံကို ပြောင်းရွှေ့ထားပြီးပြီလို့ ပြောနေပေမယ့် ကြက်ခြံက ထွက်ရှိတဲ့ အနံ့ဆိုးတွေက ဒီနေ့အထိ ထွက်နေသေးလို့ ဒေသခံတွေက လွှတ်တော်ကို တင်ပြခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမနက်  လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းဦးဆောင်တဲ့ ရေးရာကော်မတီအဖွဲ့ဝင်တွေ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဦးပိုင်တာဝန်ရှိသူတွေနဲ့ ကျော်ရွာ-မင်္ဂလာကုန်းက ဒေသခံ ၁၀၀ ကျော်တို့ ကျော်ရွာ- မင်္ဂလာကုန်း စာသင်ကျောင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေက ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာတွေ၊ နေ့စဉ်နဲ့အမျှ အနံ့အသက်ဆိုးတွေ ခံစားနေရတဲ့အတွက် နောက်ဆက်တွဲ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်ပေါ်နေတာတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ ဒေသအကျိုး မရှိတာတွေနဲ့ စက်ရုံ ပြောင်းရွှေ့ပေးဖို့တွေကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ အတွင်းရေးမှူး ဦးစောမောင်က “အဓိကကတော့ ကုမ္ပဏီဘက်က သူတို့ လုပ်ဆောင်ထားတာတွေ ဘယ်လိုရှိတယ်ဆိုတာကို ပြချင်လို့ ဖိတ်ခေါ်တာပါ။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့နဲ့မတွေ့ခင် ဒေသခံတွေနဲ့ အရင်တွေ့ပြီး ဒေသခံတွေရဲ့ သဘောထားကို အရင်မေးမြန်းသင့်တယ်လို့ တင်ပြလို့ ဒီလို တွေ့ဖြစ်တာပါ။ ကျနော်တို့ ကွင်းဆင်းစဉ်ကလည်း အနံ့တွေက တကယ်နံလို့ နံတဲ့အကြောင်းကို ပြောခဲ့ပါသေးတယ်”လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုတင်ပြချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကတော့ အဖြစ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်၊ အနံ့အသက် ဆိုးရွားတာတွေ ပျောက်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီလုပ်ငန်း ဆက်မလုပ်ဖို့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေသခံတွေနဲ့တွေ့ဆုံပြီး စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့အဖွဲ့က ဝမ်ပေါင်ကုမ္ပဏီရုံးထဲကို ဆက်လက်ထွက်ခွာသွားခဲ့ပြီး ကြက်ခြံကိုလည်း ကြည့်ရှုစစ်ဆေးဦးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013