
ထိုင်းမှာ ဗီဇာအမျိုးမျိုးနဲ့ နေထိုင်ကြတဲ့ မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ စစ်အာဏာရှင် လက်အောက်ခံ မြန်မာသံရုံးက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပတ်စ်ပို့ ထုတ်မပေးတာ ကြုံနေရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါ စစ်တပ်လက်အောက်ခံ ဘန်ကောက် မြန်မာသံရုံးနဲ့ နီးစပ်ရာ ကောင်စစ်ဝန်ရုံးတွေမှာ ပတ်စ်ပို့သက်တမ်း ၅ နှစ်တကြိမ် တိုးရပြီး ၂၀၂၆ မတ်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ပတ်စ်ပို့ ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် သက်တမ်းတိုးကိစ္စတွေ ပိုပြီး တင်းကျပ်လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ၊ CDM လုပ်ဆောင်ထားသူတွေနဲ့ သူတို့နဲ့ပတ်သက်တဲ့ မိသားစုဝင်တွေကို စစ်တပ်ဩဇာခံ မြန်မာသံရုံးက ပတ်စ်ပို့အထောက်အထားတွေ ထုတ်မပေးဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေကို PSMS စနစ်နဲ့ စစ်တပ်က စာရင်းပြုစုထားပြီး အဲဒီစာရင်းမှာ အမည်ပျက်စာရင်း (Blacklist) ပါဝင်နေသူတွေဟာ ဒီနှစ်ကစလို့ သံရုံးတွေမှာ ပတ်စ်ပို့ ထုတ်မပေးတော့တာလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
ကိုယ်တိုင်ကြုံရသူတယောက်က “တချို့ CDM လုပ်ထားတဲ့သူတွေဆိုရင် Blacklist ပါမပါ အရင်စစ်တယ်။ ကိုယ့်မှာ CDM Blacklist ဖြစ်ထားတယ်ဆိုရင် ရ မရ မသေချာဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတော့ တော်တော်လေး ခက်ခဲတယ်။ စိတ်ညစ်ရတယ်။ တချို့တွေကလည်း ပွဲစားတွေက ရအောင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတွေ အများကြီးတောင်းတာ ရှိတယ်။ ဒါပေမဲ့လည်း ပိုက်ဆံတွေပေးပြီး ရမရက မသေချာဘူး။ တခါတလေကျလည်း အလိမ်ခံရတာတွေလည်း ရှိတယ်ဆိုတော့ ပတ်စ်ပို့ မရတာတခု၊ ပိုက်ဆံတွေ အလိမ်ခံရတာက တခုဆိုတော့ အဲလိုတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဘန်ကောက် မြန်မာသံရုံးမှာ ၂၀၂၆ ခုနှစ် မေလအတွင်း သံအရာရှိ အပြောင်းအလဲ ဖြစ်ပြီးနောက် ချင်းမိုင်၊ ချင်းရိုင် စတဲ့ ထိုင်းမြောက်ပိုင်းဒေသက မြန်မာလုပ်သားတွေကို ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့ သက်တမ်းမတိုးပေးတော့ဘဲ သက်ဆိုင်ရာနယ်မြေ ကောင်စစ်ဝန်ရုံးတွေမှာသာ ဆက်သွယ်လုပ်ဆောင်ဖို့ ပြောဆိုလာတယ်လို့ သိရပါတယ်။
ဒီလိုကန့်သတ်မှုတွေကြောင့် မြန်မာလုပ်သားအများစုဟာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ပွဲစားတွေကို အားကိုးလာရပြီး ပတ်စ်ပို့ သက်တမ်းတိုးခတွေဟာ အနည်းဆုံး ဘတ် ၇,၅၀၀ ကနေ ဘတ် ၁၅,၀၀၀၊ တချို့ကိစ္စတွေမှာ ဘတ် ၂၀,၀၀၀ အထိ ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ချင်းမိုင်က မြန်မာအလုပ်သမားတယောက်က “အခု တော်တော်များများက ပွဲစားနဲ့သွားရတယ်။ ပွဲစား တယောက်နဲ့တယောက် မတူဘူး။ ဥပမာ- ကျမဆက်သွယ်တဲ့ ပွဲစားဆိုရင် ဈေးနည်းနည်း သက်သာတယ် ပြောလို့ရတယ်။ ဒါပေမဲ့ တိုးသွားတဲ့ အရှေ့ကလူတွေဆိုရင် ဘတ် ၁၂,၀၀၀၊ ၁၄,၀၀၀ အဲဒီလောက်အထိ ပေးရသလို တချို့ဆိုရင် ဘတ် ၂၀,၀၀၀ အထိ ဈေးပေါက်တာတွေလည်း ရှိတယ်။ ဒါက ပတ်စ်ပို့သက်တမ်းတိုးတာ တခုပဲ။ ဗီဇာတွေ မပါသေးဘူး။ အလုပ်သမားကတ်လည်း မပါသေးဘူး။ ဒါက တော်တော်လေးကို ခက်ခဲတယ်။ ပြီးတော့ အဲဒီမှာ လာတဲ့ အလုပ်သမားတွေဆိုရင် ဘန်ကောက်အနီးတဝိုက် ဆိုပေမဲ့ တချို့က ဘန်ကောက်မြို့ထဲက မဟုတ်ဘူး။ ဘန်ကောက်အပြင်ဘက် ခရိုင်က လာတာလည်း ရှိတော့ အလုပ်တွေ ပျက်ကြတယ်။ အဝေးကြီးလာကြရတယ်။ ပိုက်ဆံတွေ အများကြီးပေးရတယ်။ တော်တော်များများက တရက်လုပ်မှ တရက်စားရတဲ့ လူတွေဆိုတော့ ဒါက အရမ်းလည်း ခက်ခဲတယ်။ ပြီးတော့ ပိုက်ဆံပေးပြီး မရတာလည်း ရှိတော့ အဲဒါက ပိုပြီး ခက်ခဲသွားစေတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ခုနှစ် မတ်လအတွင်း ပတ်စ်ပို့ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး “အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွား ထိခိုက်စေနိုင်သူ” လို့ ယူဆခံရသူတွေကို နိုင်ငံကူးလက်မှတ် ထုတ်မပေးဘဲ ငြင်းပယ်နိုင်ကြောင်း ဥပဒေသစ်မှာ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်းကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရဲ့ စိစစ်အတည်ပြုချက်နဲ့သာ ခွင့်ပြုမယ်လို့ ဖော်ပြထားပြီး လိုအပ်ပါက ထုတ်ပေးထားပြီးသား ပတ်စ်ပို့တွေကိုပါ ပယ်ဖျက်နိုင်တယ်လို့ ဥပဒေအတွင်း ဖော်ပြထားပါတယ်။










